တိုက်ပွဲသတင်း

ရှဒူးဇွပ်ဒေသတွင် KIA ကန့်သတ်မြေ သတ်မှတ်လိုက်နောက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်

တနိုင်း လီဒိုလမ်းမပေါ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေအဖြစ် KIA က ထုတ်ပြန်လိုက်သည့် ၄ ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ဝါရာဇွပ်တိုက်နယ်တွင် ဂျာဝမ်၊ ကိုင်းတော နှင့် လောဒ်ဂျာစသည့် နေရာများတွင် တရားမဝင် ငါးဖမ်းခြင်း၊ တောင်ယာစိုက်ခင်း၊ လယ်ယာမြေ လုပ်ကိုင်ခြင်း၊ စက်ယန္တရားကြီးအပါ တနိုင်တပိုင် ရွှေတူးဖော်ခြင်း၊ အကြောင်းမဲ့ လာရောက်နေထိုင်ခြင်းမပြုရန် KIA က သတိပေးထုတ်ပြန်ထားသည်။

ဇွန်လ ၂၄ ရက်နေ့ ၅ နာရီခွဲဝန်းကျင်တွင် ဂျာဝမ် နှင့် လောဒ်ဂျာ ကျေးရွာအနီးတဝိုက်တွင် ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက်ကာ ဗုံးကျဲတိုက်ခိုက်သွားသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။

၅ နာရီနဲ့ ၆ နာရီဝန်းကျင်လောက်မှာပဲ ဂျက်ဖိုက်တာ ၂ စီးနဲ့လာပြီးတော့ တစ်စီးကပစ် တစ်စီးနောက်ကနေ လိုက်ကြည့်ပေးနေတာ ဟုတ်တယ်။ လေယာဉ်ဗုံးက ၅ လုံးလောက်ချ သွားတယ်။ ရှဒူးဇွပ်ကနေ အသံအကျယ်ကြီး ကြားရတယ်။ KIA ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ပြောတယ်ဟုပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် နယ်မြေစိုးမိုးထားသည့် ကိုင်းတောရွှေမှော်တွင် မင်းဇင်သန့်နှင့် အကျိုးတူ ရွှေလုပ်ကိုင်နေသည့် ရွှေလုပ်ငန်းရှင် ဒေါ်ဖြူးဖြူးအောင်၏ ဘက်ဟိုးတစ်စီးကို KIA က သွားရောက်မီးရှို့ ဖျက်ဆီးခဲ့ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် KIA နှင့် ပြည်သူ့စစ်တပ်တို့ကြား စစ်ရေးတင်းမာခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယခုလိုလာရောက်ဗုံးကျဲသွားခြင်း ဖြစ်နိုင်သည်ဟု ဝါရာဇွပ်ကျေးရွာအုပ်စု စံပြဒေသခံတစ်ဦးက ယခုလို သုံးသပ် ပြောဆိုထားသည်။

ရှေ့အပတ်မှာပဲ ကိုင်းတောမှာ မင်းဇင်သန့်အဖွဲ့တွေနဲ့ အကျိုးတူရွှေလုပ်နေတဲ့ ဖြူးဖြူးအောင်ရဲ့ ဘက်ဟိုးကို KIA က ညအချိန်မှာ မီးရှို့ပေးလိုက်တာ။ ပြီးရင် ရွှေလုပ်သားတစ်ချို့ကိုလည်း ဖမ်းသွားတယ်လို့ကြားတယ်။ ဒါပေမယ့် တစ်ချို့ကိုတော့ ပြန်လွတ်ပေးပြီလို့ကြားတယ်။ အဲ့ကြောင့် သူတို့ကို နှောက်ယှက်တယ်ဆိုပြီး အထက်ကိုတိုင်လိုက်တာထင်တယ်။ အဲ့ဒီ KIA ရှိနိုင်တယ်ဆိုတဲ့နေရာတွေမှာ လာပစ်သွားတာဟုတ်တယ်ဟုပြောသည်။

KIA ဘက်က ဇွန်လ ၂၁ ရက်နေ့တွင် ကန့်သတ်မြေသတ်မှတ်လိုက်သည့် နောက်ပိုင်း ဂျာဝမ်၊ ကိုင်းတော၊ လောဒ်ဂျာ စသည့် ရွှေမှော်များတွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်တစ်ချို့နှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများတစ်ချို့က ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ စသည့်ကျေးရွာများဘက်သို့ ပြန်လည်ထွက်ခွာလာကြကြောင်း သိရသည်။

ယခုလို KIA ဘက်မှ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အဓိကအားထားပြီး တောင်ယာလုပ်ငန်း၊ တနိုင်တပိုင် ရွှေတူးဖော်မှု၊ ဟင်းသီးဟင်းရွက်ရှားဖွေစားသည့်နေရာများတွင် ကန့်သတ်မြေအဖြစ်ထုတ်ပြန်လိုက်ပြီးနောက် လုပ်ကိုင်စားသောက်ရန် အခက်တွေ့နေသည်ဟု ဒေသခံများ ပြောသည်။

တစ်ဖက်တွင် မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့ဘက်ကလည်း ၎င်းတို့ တပ်ချထားသည့် စံပြ နှင့် အောင်ရာကျေးရွာ ပြည်သူများသွားလာသည့် ကားလမ်းနေရာများတွင် ဂိတ်နေရာချကာ စစ်ဆေးရေးများတင်ကြပ်ထားသောကြောင်း ပြည်သူများအတွက် သွားလာရေးတွင် စိတ်အနှောက်အယှက် ဖြစ်စေသည်ဟု စံပြဒေသခံက ဆက်ပြောဆိုသည်။

ထို့ပြင် မင်းဇင်သန့်အဖွဲ့သည် စံပြကျေးရွာအတွင်းရှိသော မိုင်းမိုင် ကုန်စုံဆိုင်အနီးတွင် ဂိတ်ချထားပြီး KIA ဟုယူဆရသူများကို ဖမ်းဆီးခြင်း၊ တနိုင်းဘက်ကို တက်လာသည့် ကုန်တင်များကို စစ်ဆေးမှုပြုလုပ်ရာတွင် စက်သုံးဆီသယ်ဆောင်လာသည့် ကုန်တင်ကားများထံမှ ငွေကြေးကောက်ခံခြင်းများလုပ်ဆောင်နေကြောင်း သိရသည်။

ရှဒူးဇွပ်ဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့၏ ထောက်တိုင်အဖြစ် နယ်မြေစိုးမိုးထားသော ဒေသတစ်ခုဖြစ်ပြီး ရှဒူးဇွပ်ဒေသအနီးတဝိုက် KIA ရှိနိုင်သည့်နေရာများတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပုံမှန်လုပ်နေဆောင်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button