သတင်း

ရိုက်နက် သတ်ဖြတ်ခံလိုက်ရတဲ့ မန်ပိန်း ဒေသခံအမျိုးသားအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မည်

ရှမ်းမြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာ ဒေသခံအမျိုးသားတစ်ယောက်ကို ကိုးကန့် MNDAA တပ်ဖွဲ့တွေက ရိုက်နှက်သတ်ဖြတ်လိုက်တဲ့အပေါ်မှာ တာဝန်ယူဖြေရှင်းပေးဖို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး တောင်းဆိုတာတွေ ပြုလုပ်သွားမယ်လို့ မန်ပိန်းဒေသခံတွေကပြောပါတယ်။

အဲဒီသတ်ဖြတ်ခံလိုက်ရတဲ့အမျိုးသားဟာ အသက် ၃၈ နှစ်အရွယ် ဦးတူးလွမ်ဆိုသူဖြစ်ပြီး မန်ပိန်းကျေးရွာ သူရဲ့နေအိမ်မှာ ဇွန်လ ၆ ရက်နေ့က MNDAA တပ်ဖွဲ့ဝင်တွေ ကားစက်လာပြင်ပေးဖို့ခေါ်ဆောင်သွားရာကနေ အခုလိုသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ မိသားစုဝင်နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ခုလိုပြောပါတယ်။

လာခေါ်တုန်းကတော့ စက်ပြင်ပေးရန်ဆိုပြီး ကိုးကန့်တပ်ဖွဲ့ဘက်က လာခေါ်သွားတာဟုတ်တယ်။ ဒါပေမဲ့ ပြန်အကြောင်းကြားခဲ့တာက ခများတို့လူသေဆုံးသွားပြီ၊ မူးယစ်ဆေးဖြတ်တာ မခံနိုင်လို့သေသွားပြီတဲ့၊ ဒါပေမဲ့ ကျနော်တို့ မယုံလို့ အလောင်းကိုယ်ကို ကောင်းကောင်းဖွင့်ကြည့်ပြီး စစ်ဆေးတော့မှ ကိုယ်ပေါ်နဲ့ ခါးတွေ၊ တင်တွေ ပေါင်တွေမှာ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာနဲ့ အရာတွေကြီးပဲ၊ ဒါတောင်ရွာထဲရောက်လာမှ ကြည့်ရတာ။ အလောင်းကိုသွားယူတဲ့အချိန် ကိုးကန့်ဘက်က မစစ်ဆေးဖို့ ဘာမှမပေးဖို့ ခြိမ်းခြောက်ပြောခဲ့သေးတာဟု မိသားစုဝင်များနဲ့ နီးစပ်သူ မန်ပိန်းဒေသခံတစ်ဦးက ပြောပြသည်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၁၆ ရက်အကြာမှာတော့ာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း ကိုးကန့်တပ်ဘက်က လာရောက်အကြောင်းကြားခဲ့ပြီး သေဆုံးမှုအတွက် မိသားစုဝင်တွေကို ငွေကျပ် ၃၅ သိန်းပေးအပ်သွားတယ်လို့လည်းသိရပါတယ်။

လက်ရှိ မိသားစုဝင်တွေနဲ့ ဒေသခံတွေက  ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  အမှုမှန်ပေါ်ပေါက်အောင် ဖြေရှင်းချက်ပေးဖို့  ဝိုင်းဝန်းတောင်းဆိုတာတွေ ပြုလုပ်သွားမယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ကျနော်တို့ ရိုးရာလူကြီးတွေနှင့်ဖြစ်ဖြစ် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေများနဲ့ဖြစ်ဖြစ် ဒီပြသနာကို ဝိုင်းဝန်းဖြေရှင်းကြဖို့၊ အမှန်တရားပေါ်ပေါက်ဖို့၊ သူတို့ဘက်က ဖြေရှင်းချက်ပေးနိုင်ရန်၊ အခုရွာသားတွေ၊ မိသားစုဝင်တွေပဲ တောင်းဆိုတာ မေးမြန်းတာလုပ်ရင် ကိုးကန့်ဘက်မှ ဘာမှအလေးမထားသလို အတင်းအကျပ်မေးမြန်းရင်တောင် မေးတဲ့သူတွေကိုပြန်ပြီး ဖမ်းဆီးရိုက်နှက်လာမဲ့အခြေအနေဖြစ်နေတယ်။ ဒါကြောင့် ဒေသသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားဖို့ရှိတယ်ဟုပြောပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒေသခံပြည်သူတွေကို ဖမ်းဆီးရိုက်နက်မှုနဲ့ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် အခုလိုဖြစ်စဉ်နည်းတူ လက်လွန်သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုတွေ မကြာခဏ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့ကြောင့် ဒေသအတွင်းမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအမည်ခံပြီးတော့ ပြည်သူလူထုတွေကို ခြိမ်းခြောက်သတ်ဖြတ်မှုတွေသာ လုပ်ဆောင်နေတဲ့ ဘယ်တော်လှန်တပ်ဖွဲ့တွေကိုမဆို အလိုမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

အခုဒီဟာတွေက လူထုအမြင် သူတို့သတင်းမျက်နှာစာတွေမှာတော့ ပြည်သူကို ကာကွယ်ဖို့ဆိုပြီး အမြင်တွေဖမ်းနေပြီး အမှန်တကယ် လက်တွေ့ ဒီကဒေသခံပြည်သူတွေအတွက်တော့ လုံခြုံမှုလုံး၀မပေးနိုင်သလို သူတို့ကို ပြောင်းပြန် ပြန်ကြောက်ရမလို၊ ပြီးတော့ သူတို့က လက်နက်ကိုင်နေသူတွေဖြစ်ပြီး လူကြီးလူကောင်းမဆန်စွာ လုပ်ကြတယ်။ ပြည်သူလူထု ကိုကာကွယ်လိုတဲ့ စိတ်ဓာတ် လက်တွေ့ အတွင်းစိတ်မှာ မရှိဘူးဆိုတာ မြင်နေရတယ်။ ဒီလိုမျိုးလုပ်ရပ်တွေ မရှိသင့်ဘူး၊ လက်နက်ကိုင်နေသူတွေအောက်မှ ကျနော်တို့ ပြည်သူတွေပဲ ပြားပြားဝပ်ဝပ်ပြီး နေနေရသလိုဖြစ်နေပြီဟုကွတ်ခိုင်ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာလည်း ဇွပ်အောင်စစ်ရှောင် အမျိုးသား ၂ ယောက်ကို ကိုးကန့် MNDAA တပ်တွေက မတရားဖမ်းဆီး ရိုက်နှက်တာတွေ လုပ်ဆောင်ပြီးတော့ ပြန်လည်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်။

ကိုးကန့် MNDAA တပ်ဖွဲ့တွေဟာ ၂၀၂၁ နှစ်ဆန်းပိုင်းအတွက်ကနေ ဇွပ်အောင် စစ်ရှောင်စခန်းအနီးမှာ လာရောက်တပ်စွဲနေထိုင်ထားပြီး သွားတဲ့ပြည်သူတွေကို စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးရိုက်နက်တာတွေ လုပ်ဆောင်နေတဲ့ အတွက်ကြောင့် ဒေသခံပြည်သူတွေက လုံခြုံရေးကင်းမဲ့နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

အခုလို စစ်ရှောင်တွေရှိတဲ့ အနီးတဝိုက်တွေမှာ တပ်စွဲတာတွေမလုပ်ပေးဖို့ ပြည်သူတွေ ကန့်ကွက် တောင်းဆိုမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ကိုးကန့်တပ် MNDAA  ဘက်နေ လက်မခံဘဲ ဒီနေ့ထိ တပ်စွဲနေထိုင်နေတုန်းဖြစ်တယ်လို့ သိရတယ်။

Show More

Related Articles

Back to top button