သတင်း

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများလားခြင်းသည် စစ်တပ်၏ နိုင်ငံရေးနည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုနေခြင်းဖြစ်သည်ဟုဆို

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှု ပိုမိုများလာသည့်အပေါ်  စစ်တပ်က မူးယစ်ဆေးဝါးပြဿနာကို နိုင်ငံရေးဗျူဟာ တစ်ခုအနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှား သူများကပြောဆိုလိုက်သည်။

အာဏာသိမ်းပြီးနောက်မှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူတွေ သုံးစွဲသူတွေပို များလာတာက ကျမတို့ပြည်သူတွေကို နိုင်ငံရေးအမြင်မရှိစေချင်တာရယ် စစ်တပ်ကိုကန့်ကွက်တာ တွေမရှိလာအောင်လို့ ဒီမူးယစ်ဆေးမှာဘဲ နစ်မွန်းသွား အောင်လုပ်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ကိုယ်လုပ်သင့်လုပ် ထိုက်တဲ့အရာကို သိမြင်ပြီး အချင်းချင်းပညာပေးကူညီပေးဖို့ ပြောချင်ပါတယ်ဟုပြောသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းမှုမတိုင်မှီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲမှုအဆင့် ၄ နေရာတွင်ရောက်ရှိခဲ့ပြီး မူးယစ်ဆေးတိုက်ဖျက်ရေး အသိပညာပေးသင်တန်းများ၊ Campaign များအားကိုလည်း အရပ်ဘက်အဖွဲ့အစည်းများမှ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ကြသည်။

မိုးညှင်းမြို့နယ် နမ္မားတွင် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် မူးယစ်ဆေးဝါးပပျောက်ရေး ဝေစာများဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့

သို့သော် အာဏာသိမ်းလိုက်သည့်နောက်ပိုင်း စစ်တပ်၏ ကန့်သတ်ချက်များကြောင့် မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ခက်ခဲသွားသည်ဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက  ခုလိုပြောသည်။

အရင်တုန်းကဆိုရင် ကျွန်တော်တို့ လမ်းတွေမှာလည်း Campaign လုပ်တယ်၊ အော်ပြီး ဆန္ဒတွေပြကြတယ် လွပ်လွပ်လပ်လပ်နဲ့ အခုဆိုရင် အဲ့လိုမရတော့ဘူး၊ ဈေးတွေမှာ လုပ်မယ်ဆိုရင်လည်းအရင်ပြောထားမှ ရတော့တယ်၊ အရင်လို လုပ်လို့မရတော့ဘူးဟုပြောသည်။

ကချင်ပြည်နယ်၏ မူးယစ်ဆေးပြဿနာသည် ဒေသအသီးသီးတွင် အလွန်ဆိုးရွားနေပြီး  စိုက်ပျိုးမှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှုများကို ပပျောက်သွားရန် ပြည်သူတစ်ဦးချင်းစီ၏ တာဝန်ဖြစ်သည်ဟု   မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားနေသူတစ်ဦးကလည်း တိုက်တွန်းနှိုးဆော်ထားသည်။

အာဏာမသိမ်းခင်တုန်းကတော့ ဒီဟာနဲ့ ပက်သက်ပြီး ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ပေမဲ့ တက်နိုင်သလောက်တော့လုပ်ကြတယ်၊ အခုကကျတော့ အကုန် လွတ်လွတ်လပ်လပ် ဖြစ်သွားကြတာပေါ့အကုန်လုံးက ဒီကိစ္စကို မျက်ကွယ်ပြုသလိုဖြစ်သွားကြတာ။ ဒီမူးယစ်ဆေးဝါး အဝင်အထွက်တွေက စစ်ကောင်စီလက်ထက်မှာ ပိုဆိုးရွာလာတာပေါ့ဟုပြောသည်။

ကချင်ပြည်နယ်တွင် ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်ရှိသည့် ပြည်နယ်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့နယ်၊ ပူတာအိုမြို့၊ တနိုင်းမြို့၊ ဗန်းမော်မြို့နယ်၊ ဝိုင်းမော်၊ ချီဖွေ၊ ဖားကန့် အစရှိသည့်မြို့နယ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများအပြင် မြို့ပေါ် လောင်းကစားဝိုင်းများလည်း ပိုမိုများပြားလာသည်ဟု လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ခုလိုပြောသည်။

ဗန်းမော်မှာဆိုရင် အရင်တုန်းကမြို့ပေါ်လောင်းကစားဝိုင်းတွေမရှိဘူး ခုကလောင်းကစားဝိုင်းနဲ့အတူ မူးယစ်ဆေးပါရနေပြီလို့ သိရတယ်။ပြီးတော့ လူနေတိတ်တဲ့ရပ်ကွက်တွေဆို လမ်းကြားတွေမှာ သွေးတန်းလန်းနဲ့ဆေးထိုးအပ်တာ ပိုဆိုးလာတာပေါ့။ဒါက စစ်တပ်က ခေတ်အဆက်ဆက်သုံးခဲ့တဲ့နည်းတစ်နည်းဘဲ ဒါကိုပြည်သူတွေသိဖို့လိုတယ်ဟုပြောသည်။

စစ်အာဏာသိမ်းလိုက်သည့် ၂ နှစ်ကျော်အတွင်း မူးယစ်ဆေး ရောင်းဝယ်မှု လွယ်ကူလာခြင်း၊ စစ်ဆေးအရေးယူမှု အားနည်းလာခြင်း၊ မူယစ်ဆေးဝါးဖြင့် လာဘ်ပေးလာဘ်ယူမှု တွင်ကျယ်လာခြင်းတို့ကြောင့် ၁၃ နှစ် အရွယ်မှစ၍ လူကြီးလူ ငယ်မရွေး မူယစ်ဆေးသုံးစွဲမှု ပိုမိုများပြားလာသည်ကိုတွေ့ရသည်။

Show More

Related Articles

Back to top button