ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်အနီး ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေထွက်ပြေးနေပြီလို့ သိရပါတယ်။
ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီး နမ်ဆန်ယန်တံတားမှာ စစ်ကောင်စီ စစ်ကြောင်း နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ၁၀ နာရီဝန်းကျင်မှာတော့ နမ်ဆန်ယန်ပြည်သူတွေ ခေတ္တထွက်ပြေးတိမ်းရှောင်ကြဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“အားလုံးက မနည်းပြန်ထူထောင်ထားတာကို ထပ်မံထွက်ပြေးရမယ်ဆိုရင် ပြန်လာရမယ်ဆိုတာ မသေချာလို့ သည်းခံပြီး နေနေကြသေးတာ။ နမ်ဆန်တံတားထိ စစ်ကောင်စီစစ်ကြောင်းရောက်နေတော့ မနက်ကလည်း လက်နက်သံတွေကြားသေးတယ်။ အခုတော့ ထွက်ပြေးကြဖို့ လာပြောနေပြီ။ အခုအရမ်းရှုပ်နေကြတယ် တိမ်းရှောင်ဖို့လုပ်နေကြပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း နမ့်ဆန်ယန်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို KIA ဘက်က တားဆီးခဲ့ပြီးနောက် စစ်ရေးတင်းမာလာတာဖြစ်ပါတယ်။
အဲဒီနောက် တစ်ပတ်အကြာမှာတော့ နမ့်ဆန်ယန်ရွာက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုရှိတဲ့ မိသားစုများကတော့ ကြိုတင်ပြီး ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့တွေမှာ တိမ်းရှောင်နှင့်ကြပြီဖြစ်ပြီး လက်ရှိမှာ ရွာသားအားလုံး ထပ်မံ တိမ်းရှောင်ဖို့ ပြင်ဆင်နေတာပါ။
နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီနှင့် KIA တပ်တွေကြားစစ်ရေးတင်းမာနေမှု အခြေအနေနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်ရာမှာတော့ အခုလိုပြောပါတယ်။
“စစ်ကောင်စီဘက်မှ နမ်ဆန်ယန်တံတားအတိုင်း အဲ့ဘက်ကနေ စစ်ကြောင်းထိုးဝင်နေတယ်ကြားရတယ်၊ ပြီးတော့ ခယာတောင် (Hka Ya Bum) ဘွမ်လဲ့တောင်(Bum Len Bum) တို့ သူတို့ရဲ့ နေရာပတ်ဝန်းကျင်တလျှောက် ၁၂၀ မမလို့ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်ကြားတယ်။ ဘာကြောင့် သူတို့ဝင်လာတယ်ဆိုတာတော့ အတိအကျတော့ မသိဘူး။ နမ်ဆန်ယန်တစ်ဝိုက်က အရင်ကသူတို့ထိုင်နေတဲ့ တောင်ကုန်းတွေကို ပြန်ထိုင်ချင်တဲ့သဘောလားပေါ့ သုံသပ်တာပေါ့။ ဒါမှမဟုတ် နမ်ဆန်ယန်ဘက်ကို သူတို့ပြန်ထိုင်ချင်လို့လားပေါ့။ မသိဘူးပေါ့ အားလုံးရဲ့ ယုံကြည်မှုကတော့ နမ်ဆန်ယန်ကတော့ တိုက်ပွဲမဖြစ်ဖို့အားလုံးမျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
နမ်ဆန်ယန်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအားလုံး ၈ နှစ်ခန့်ကြာ နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရာကနေ ၂၀၁၈ ဒီဇင်ဘာလကစပြီး နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။
ဒေသခံများ လုံခြုံစွာနေရပ်ပြန်လည်နေထိုင်နိုင်ရေး နမ့်ဆန်ယန်ကျေးရွာအနီးတစ်ဝိုက်မှာ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့လုံးမှ ဝင်ရောက်တပ်စွဲနေထိုင်တာတွေ မပြုကြဖို့ သဘောတူညီထားပေမယ့် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလမှာလည်းတစ်ကြိမ် ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ ဇွန်လ ၁ ရက်နေ့ တစ်ကြိမ် နမ့်ဆန်ယန်ကျေးရွာအနီးမှာ တပ်စွဲနေထိုင်ဖို့ ပြင်ဆင်လာတဲ့အတွက် စစ်ရေးတင်းမာနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နမ့်ဆန်ယန်ကျေးရွာအနီး တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ဖို့ ဒီကနေ့မှာ စစ်ကောင်စီတပ်လက်အောက်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နမ့်ဆန်ယန်စစ်ရှောင်များ ပထမဆုံးနေရပ်ပြန်နိုင်ရန် ကူညီပေးခဲ့တဲ့ ဦးဖောင်လားဂမ်ဖန်တို့ နမ့်ဆန်ယန်ကျေးရွာကို သွားရောက်ဖို့ရှိတယ်လို့ပြောဆိုမှုတွေရှိနေပါတယ်။
ဒါပေမယ့် ဒီပြောဆိုချက်တွေကိုတော့ KNG သတင်းဌာနက သီးခြားအတည်ပြုနိုင်တာမရှိသလို ဒီကိစ္စနဲ့ပတ်သက်ပြီး KIOနဲ့တွေ့ဆုံဖို့ ရှိမရှိကိုလည်း အသေးစိတ်မသိရသေးပါဘူး။
အလားတူ နမ့်ဆန်ယန်ကျေးရွာအနီးတစ်ဝိုက် စစ်ရေးတင်းမာလာသောကြောင့် ဇူလိုင် ၂ နေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချူပ်က နယ်စပ်တစ်လျှောက်နှင့် နမ်ဆန်ယန်ကျေးရွာ စစ်ရှောင်ပြည်သူများအား လိုအပ်ရင် အဆင်သင့်ရှိနေကြရန် မိန့်မှာညွှန်ကြားထားကြောင်း ဒေသခံစစ်ရှောင်များထံမှ စုံစမ်း သိရှိရပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတာတွေ ဆက်တိုက်ပြုလုပ်လာခဲ့မယ်ဆိုရင် တိုက်ပွဲပြင်းထန်လာမှာ ဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။