သတင်း

အင်းတော်နယ်မှာ စစ်ကြောင်းထိုးလာတဲ့အတွက် အရပ်သားပြည်သူများ ထောင်ချီထွက်ပြေးနေရပြီး ဖမ်းဆီးခံရတဲ့သူတွေလည်းရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျေးရွာတစ်ချို့က အရပ်သားပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ သူတွေများလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်အား ၁၈၀ နီးပါးလောက်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ဇွန်လ ၂၈ ရက်နေ့ ညပိုင်းက မိုးညှင်းဘက်ကနေ အင်းတော်အရှေ့မြောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာနေတာဖြစ်တယ်လို့ အင်းတော်မြို့က ဒေသခံတစ်ဦး KNG ကိုပြောပါတယ်။

အခုစစ်ကြောင်းက ပင်ဝယ်၊အောက်တော၊ ဖါးပန်ကြားထဲမှာရှိနေတာ အဲ့တာနည်းန ည်း ကြောက်ပြီးတော့ အဲ့နားဝဲယာ ကျေးရွာတွေကျတော့ရှောင်တိမ်းနေကြတယ်။ ပင်ဝယ် ဥက္ကဌကိုလည်းညက ခေါ်သွားတယ်တဲ့။ ဖါးပန်ဘက်ကလည်း ပြည်သူ လေး ၊ငါး ယောက်ခေါ်ခဲ့ပြီးပြီတဲ့လို့ ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေဟာ ပင်ဝယ် အုပ်ချုပ်ရေးမှူးနဲ့ ဖါးပန်ရွာသား ၅ ယောက်ဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းသွားလာတဲ့လမ်းတစ်လျှောက် လူသားဒိုင်းအဖြစ် ခေါ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်နယ်မှာ စစ်ကောင်စီတပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရရင်အနည်းဆုံး ၂ ရက်ကနေ တစ်လလောက် ဖမ်းဆီးထားပြီးမှသာ ပြန်လွတ်ပေးလေ့ရှိတယ်လို့ အင်းတော်အရှေ့မြောက်ဘက်ခြမ်းကကျေးရွာသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

ထုံးစံအတိုင်းသူတို့ကလူသားဒိုင်းခေါ်တာ သူတို့ကသူတို့ပဲက မသွားရဲဘူးလေ။ တစ်ကြောင်းနဲ့တစ်ကြောင်းမတူဘူးတချို့ကျတော့လည်း တစ်ရွာနှစ်ရွာရောက်ရင်ပြန်လွတ်ပေးခဲ့တယ်။ တချို့ တလကြာသွားတဲ့လူတွေရှိတယ်။ ပြန်လွတ်လာတဲ့သူတွေပြောတာတော့ သူတို့ပိုးခိုင်းတာပိုးရတယ် သူတို့ရဲ့ရှေ့ကနေသွားပေးရတယ်။ ညအိပ်ရင်လည်းသူတို့ပတ်ပတ်လည်မှာအိပ်ပေးရတယ်တဲ့လို့ ပြောပါတယ်။

အခုလိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ နားမကြိုင်းရွာ၊ ပင်ဝယ်ရွာ၊အောက်တောရွာ၊တုံခွဲရွာများဖြစ်ကြပြီး အိမ်ခြေ ၁၀၀  လူဦးရေအားဖြင့် ထောင်ချီရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

Show More

Related Articles

Back to top button