မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြစ်ဆုံဒေသမှာ လုပ်ငန်းရှင်တစ်ချို့ တားမြစ်နေရာသတ်မှတ်ပြီး နယ်မြေတိုးချဲ့လာတာကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထက်မှာရှိတဲ့ မြစ်ဆုံဒေသမှာ အာဏာရှိသူတွေက တားမြစ်နယ်မြေတွေသတ်မှတ်ပြီး နယ်မြေတိုးချဲ့သိမ်းယူမှုတွေပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်ရေးမှာ အခက်အဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့နောက်ကစပြီး မြစ်ဆုံဒေသကို ပြန်လည်မွမ်းမံပြင် ဆင်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင် နေရာယူပြီး စက်ယန္တရားကြီးတွေနဲ့ စတင်ရွှေတူးဖော်လာရာကနေ လက်ရှိချိန်မှာတော့ မြစ်ဆုံဒေသမှာ ပြည်သူတွေရဲ့ စိုက်ခင်းခြံမြေများ၊ ဟင်းသီးဟင်းရွက် ရှာဖွေစားသောက်တဲ့ နေရာများ အားလုံး ခြံစီးရိုးခတ်သိမ်းယူလိုက်ပြီး လုံခြုံရေးအပြည့်ချထားကာ၊ ဖြတ်သန်းသွားလာတဲ့ ဒေသခံပြည်သူတွေကို ပြန်ပြီးအပြစ်ဒဏ်ပေးတာမျိုးတွေ ပြုလုပ်နေတယ်လို့ မြစ်ဆုံဒေသခံတစ်ဦးက ပြောပါတယ်။ 

သူတို့က ပြာသာ(ရဲ)တွေလိုလို၊ ဝတ်စုံအပြည့်နဲ့ လူရိုက်တဲ့ဟာမျိုး တုတ်တွေနဲ့ အဲ့လိုစောင့်တာ။ ဦးယွပ်ဇေခေါင် ရွှေစတူးလာကတည်းက ဘယ်သူ့ကိုမှ အင်ဝိုင်းနဲ့တောင် လိုက်ရှာရွှေဝိုင်းခွင့်မပေးတော့တာ။ ဘယ်သူမှ သွားလို့မရ၊ နည်းနည်းပါးပါး ရွှေသွားကျင်ရင်လည်း အင်ဝိုင်းတွေသိမ်းပေးလိုက်တယ်၊ စက်ကိုင်တဲ့သူတွေကိုလည်း စက်သိမ်းပေးလိုက်တယ်။ မြစ်အနီးနားတောင် ရွှေလိုက်ကျင် လိုက်ရှာဝိုင်းလို့မရဘူးတဲ့။ ဒီလိုတွေဖြစ်လာတော့ ဒေသခံတွေက နဂိုကတည်းကတောင် အရမ်းကြပ်တည်းနေပါတယ်ဆို ရှာစားခွင့်တွေအကုန် ပိတ်ပေးလိုက်တော့ အားလုံးဒုက္ခရောက်နေကြတယ်” လို့ ပြောပါတယ်။

ကြွက်ဘေးဒဏ်ကြောင့် တောင်ယာစိုက်ခင်းလုပ်ကိုင်ဖို့ ခက်ခဲသွားတဲ့ဒေသခံပြည်သူတွေဟာ လက်ရှိမှာလုပ်ငန်းရှင်တွေ တူးဖော်လိုက်တဲ့ အကြွင်းအကျန်မြေစာတွေနဲ့ မလိခမြစ်ကမ်းတစ်လျှောက် တစ်နိုင်တစ်ပိုင်အင်းဝိုင်းတွေ၊ စက်အသေးစားတွေနဲ့ ရွှေကျင်ယူဖို့ ဖြတ်သွားလို့တောင် မရတော့ဘူးလို့ သိရတယ်။ 

အဲဒီတားမြစ်ထားတဲ့နေရာမှာ သွားလာလှုပ်ရှားမိတဲ့ဒေသခံတွေရဲ့ အင်ဝိုင်းတွေ၊ စက်တွေ၊ ရွှေတူးတဲ့အချိန် အသုံးပြုတဲ့အသုံးအဆောင်တွေကအစ အားလုံး သိမ်းယူလိုက်ပြီး တစ်ချို့ကိုတော့ အပြစ်ပေးတာမျိုးတွေပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာဆို ဒေသခံအမျိုးသမီးတွေအပါအဝင် ၁၀ ဦးထက်မနည်း မြစ်ဆုံ မြစ်ဆိပ်အနီးနား အင်ဝိုင်းများဖြင့် လိုက်ခံရွှေရှာပြီး ပြန်လာချိန် လုပ်ငန်းရှင်ဦးယွပ်ဇော်ခေါင်ရဲ့လုံခြုံရေးကင်းစောင့်တဲ့ လုပ်သားများ ရောက်လာပြီး အပြစ်ပေးတာမျိုးတွေ ပြုလုပ်ခဲ့ကြောင်း အခုလိုဆက်ပြောပါတယ်။

အစပိုင်းတော့ ဝမ်နင်(Warning) ပေးပြီးလွတ်ပေးလိုက်တာရှိတယ်။ ဒါပေမဲ့နောက်ပိုင်းတော့ ထိုင်ထတွေ လုပ်ခိုင်းတယ်။ ထိုင်ရထရတောင်ခက်တဲ့ သနားစရာမိခင်တွေကို ထိုင်ထလုပ်ခိုင်းပြီး ပြစ်ဒဏ်ပေးတာတွေရှိတယ်။ ၅၀ ကနေ ၃၀၀ ထိ ထိုင်ထ လုပ်ခိုင်းတာတဲ့။ ထိုင်ထ လုပ်ခိုင်းထားပြီး သူတို့က ဟားတိုက်ပြန်ရယ်ကြတာ။ ဟားကျနော်တို့ နယ်မြေထဲ ရွှေလာခိုးတူးတာခုတော့တွေ့ပြီလေ ဆိုပြီး ဟားတိုက်လောင်ရယ်ကြတာ။ သနားစရာ မျက်ရည်မျက်ခွက်နဲ့ ငိုပြီးပြန်လာကြတယ်” လို့ ၎င်းကဆက်ပြောပြပါတယ်။

မြစ်ဆုံဒေသကို ပြုပြင်မွန်းမံဖို့ ခေါင်းစဉ်နဲ့ နေရာယူခဲ့တဲ့ လုပ်ငန်းရှင်တွေဟာ KIO/KIA နဲ့ စစ်ကောင်စီရဲ့  ကာကွယ်ပေးမှုအောက်မှာ အခုလိုပြုလုပ်နေတာဖြစ်ပြီး မြစ်ဆုံဒေသကိုတော့ ထူးထူးခြားခြား ပြုပြင်မွန်းမံထားတာမရှိဘဲ ဘက်ဟိုး ၅၀ခန့်နဲ့ ပေ (၃၀၀) ကျော်နက်အောင် ရွှေတူးဖော်မှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လတ်တလောတော့ မိုးတွင်းရေကြီးနေတဲ့အတွက်ကြောင့် ရွှေတူးဖော်တဲ့ လုပ်ငန်းခွင်တွေအားလုံး ယာယီ ရပ်နားထားတဲ့အခြေအနေဖြစ်တယ်လို့လည်း ဆက်လက်သိရပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နေရာတွေတိုးချဲ့ကာ တားမြစ်နယ်မြေတွေသတ်မှတ်ပြီး ဒေသခံပြည်သူတွေသွားလာခွင့်မရအောင် ပိတ်ပင်တားဆီးကာ မြစ်ဆုံဘေးနား ဆိုးရွာစွာ ရွှေတူးဖော်လိုက်ခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

အကုန်လုံး သူ့နေရာတဲ့၊ ဟိုဘက်ဒီဘက်မကျန် လမ်းတွေအကုန် တူးဆွဖြတ်တောက်ပေးလိုက်ပြီး၊ သတ်မှတ်နယ်မြေအဖြစ် သော့ကြီးတွေချိတ်ပလိုက်တာ။ တကယ့်သံပန်းတွေနဲ့ လုပ်လိုက်တော့ ဒို့ဒေသခံတွေရဲ့ ရင်ထဲ အသဲထဲ တော်တော်ထိခိုက်နာကျင်ရတယ်။ မြစ်ဆုံရေက အခု ကော်ဖီဖျော်အရောင်ဖြစ်သွားပြီ။ ဘယ်သူမှ မြစ်ကိုဖျက်ဆီးသွားမှာ မလိုလားဘူးလေ။ ဒေသခံတွေကတော့ အင်ဝိုင်းနဲ့တောင် ဝိုင်းလို့မရဘူးတဲ့ သူတို့က ဘတ်ဖော(စက်ယန္တရားကြီး)တွေနဲ့ ကြိုက်သလို တူးစားနေကြတယ်။” ဟု နောက်ထပ် မြစ်ဆုံဒေသခံကလည်း ပြောဆိုပါတယ်။

ဒီကိစ္စရပ်များနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်မှလည်း ဒေသခံတွေရဲ့အသံကို ဂရုမစိုက်တဲ့အပြင် သက်ဆိုင်ရာ အစိုးရဘက်မှ ဒေသခံတွေရဲ့ တိုင်တန်းမှု ကန့်ကွက်စာတွေကို အရေးတယူလုပ်ဆောင်ပေးခြင်းမရှိပဲ ဒေသခံပြည်သူများကို ပြန်ပြီး မကန့်ကွက်ကြဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေရှိတယ်လို့ ပြောပါတယ်။

သူက ပိုက်ဆံရှိတဲ့သူ၊ သူကအာဏာရှိတဲ့သူ သူ့မှာ အစောင့်တွေ ပြာသာတွေရှိတယ်။ ဆိုတော့ ဒီပြည်သူတွေ သွားပြောလည်းရမှာမဟုတ်ဘူးလို့ ဒို့တွေခံစား၇တယ်။ ဒီသေခံပြည်သူတွေကို လမ်းပြပေးဖို့ဘယ်သူမှမရှိဘူး။ ခြိမ်းခြောက်တဲ့သူပဲရှိတယ်။ ဒေသခံတွေက ဘယ်သူ့ကို အားကိုးရမလဲ၊ KIO/KIA ကိုအားကိုးရမလား၊ စစ်အစိုးရကိုအားကိုးရမလား မသိဘူး။ ဒီအချိန် ကြောက်ရတဲ့အချိန်လည်း ဖြစ်နေတယ်။ ကြောက်နေရတာကတစ်မျိုး သူတို့ ငွေရှိ အာဏာရှိတဲ့သူတွေ ဖိနေတာက တစ်မျိုး ဒို့ဒေသခံတွေ ခံစားရတာကတော့ အင်မတန်ကို နေမတတ် ထိုင်မတတ်ပါပဲ။” ဟု မြစ်ဆုံဒေသခံက ပြောဆိုသည်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KIO အစိုးရ ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မူးကြီး နော်ဘူ ကိုKNG မှဆက်သွယ်မေးမြန်းခဲ့ချိန် မြစ်ဆုံဒေသရွှေတူးဖော်နေမှုနဲ့ ပတ်သက်ပြီး တစ်ခြားဘာမှ မသိရဘူးလို့ ပြောပါတယ်။ 

ဒါတင်မက မြစ်ဆုံဒေသ ပြည်သူတွေနဲ့ အဓိကပြသနာဖြစ်နေတဲ့ လုပ်ငန်းရှင် ဦးယွပ်ဇေခေါင်ကိုဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါ။ 

အရင်က အရမ်းပျော်စရာကောင်းပြီး နေလာခဲ့တာဟုတ်တယ်။ ဒါပေမဲ့ ဒီနေ့တော့ ယွပ်ရဲ့ ကျေးရွာလိုလို၊ ယွပ်ဇော်ခေါင်က ပိုင်ထားတဲ့ နယ်မြေလိုလို၊ အဲ့လိုဖြစ်နေတယ်။ မြစ်ဆုံဒီဘက် တောင်ပေါ်ဘက်လည်း ဦးယွပ်ရဲ့ နယ်မြေတဲ့။ တောင်ယာအခင်းသွားလမ်းတွေ အားလုံး ဖြတ်တောက်ပေးလိုက်တယ်။ သူတို့က အာဏာသိမ်းလိုက်မှ ပိုပျော်သွားကြတာ၊ နိုင်ငံရေးပြန်အဆင်ပြေလာမှာကိုတောင် သူတို့ကစိုးရိမ်နေကြတာ။ အစိုးရ နှစ်ဖက်လုံးနဲ့ ပေါင်းပြီး လုပ်စားနေကြတော့ သူတို့အတွက်တော့ အရမ်းကောင်းနေတာပေါ့။ ဒီဒေသခံပြည်သူတွေအတွက်တော့ သနားစရာ၊ စိတ်မကောင်းစရာ ဒုက္ခဖြစ်နေရတာပေါ့။” ဟု နောက်ထပ် မြစ်ဆုံဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

မြစ်ဆုံဒေသမှာ ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့နောက် အာဏာရှိတဲ့လုပ်ငန်းရှင်တွေ အခွင့်အရေးယူပြီး စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ ပြုလုပ်လာတဲ့အတွက်ကြောင့် ပြည်သူတွေက သက်ဆိုင်ရာအစိုးရတွေကို မြစ်ဆုံဒေသမှာ ရွှေတူးဖော်တာမလုပ်ဖို့ ပြည်သူတွေအကြိမ်ကြိမ် ကန့်ကွက်ပေမဲ့ ဘယ်အစိုးရကမှ တာဝန်ယူဖြေရှင်းပေးခဲ့ခြင်းမရှိပေ။

ဒါ့အပြင် ခုလို တောင်းဆိုမှုတွေကို အရေးယူဂရုစိုက်ပေးခြင်းမရှိတဲ့အပြင် ကန့်ကွက်ပြောဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအထိ ထိပါးခြိမ်းခြောက်လာတာတွေကြောင့် အားလုံး နှုတ်ပိတ် ခေါင်းငုပ်နေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတချို့ ပြောဆိုကြပါတယ်။

Show More

Related Articles

Back to top button