သတင်း

ကန့်ဘလူမှာ တစ်လအတွင်း စစ်ဘေးရှောင် ၁၃ဦး မြွေကိုက်ခံရပြီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမှာ ပြီးခဲ့တဲ့ ဇူလိုင်တစ်လအတွင်း မြွေကိုက်ခံရသူ ၁၃ ဦးအထိရှိခဲ့ပြီး ၁ဦး သေဆုံး ခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံကသိရပါတယ်။

မြွေကိုက်ခံရသူများဟာ ထန်းကုန်းတိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ ပင့်သာတိုက်နယ်နဲ့ ကန့်ဘလူ တိုက်နယ်က စစ်ဘေးရှောင်ပြည်သူတွေဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကျနော်တို့လက်ရှိအထိရထားတဲ့အချက်အလက်အရတော့ ၁၃ယောက်ရှိတယ်သေဆုံးခဲ့တဲ့သူကတော့ ၁ယောက်ရှိပါတယ် အချိန်မှီဆေးကုသခွင့်မရလို့သေဆုံးခဲ့ရတာပါဆေးရှိတဲ့နေရာနဲ့ အလှမ်းဝေးတဲ့ တောထဲမှာမြွေကိုက်ခံရတာ ဒီစာရင်းတွေကကျနော်တို့လက်တလောရထားတာပေါ့လို့ပြောပါတယ်။

မြွေကိုက်ခံရလို့သေဆုံးခဲ့သူကတော့ ဇူလိုင်၁၄ရက်နေ့မှာမြွေပွေးကိုက်ခံခဲ့ရတာဖြစ်ပြီး ချပ်သင်းတိုက်နယ်က အသက်၅၀နှစ်အရွယ် ဦးစိန်ချိုဆိုသူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမြွေကိုက်ခံရတဲ့ပမာဏဟာ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ လက်လှမ်းမှီသလောက်ကောက်ယူ ထားတဲ့စာရင်းတွေသာဖြစ်ပြီးတော့ မြေပြင်မှာဒီပမာဏထက်ပိုများနိုင်သလို မြွေဆိပ်ဖြေဆေး လိုအပ်ချက်တွေလည်းရှိနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဒါက လက်လှမ်းမှီသလောက်ကျနော်တို့ရထားတဲ့စာရင်းပါပဲ‌ မြေပြင်မှာဒီထက်ပိုများနိုင်ပါတယ်ပြီးတော့ မြွေဆိပ်ဖြေဆေးကလည်းလိုလားဆိုရင် အမြဲတမ်းလိုအပ်နေတဲ့အရာပါတစ်ယောက်မြွေကိုက်ခံရပြီဆိုရင် ဆေးက လေးလုံးကနေ အလုံးနှစ်ဆယ်အထိထိုးပေးရတာကိုလို့သူကပြောပါတယ်။

ကန့်ဘလူဒေသဟာ အဆပ်ပြင်းတဲ့မြွေပွေးနဲ့ မြွေဟောက်ပေါများတဲ့ဒေသဖြစ်တဲ့အတွက် မြွေဆိပ်ဖြေဆေး နဲ့ ဆေးဝါးတွေအသင့် ဆောင်ထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးအဖွဲ့ဝင်တွေကဆိုပါတယ်။

ဒါ့ကြောင့် မြွေကိုက်ခံရမူကို ကြိုတင်ကာကွယ်ရန် စွပ်ဖိနပ် စီးသင့်ပြီး မြွေကိုက်ခံရပါက ပထမဦးဆုံးမြွေကိုက်ခံရတဲ့ ဒဏ်ရာနဲ့အနီးတစ်ဝိုက်ကို သန့်ရှင်းတဲ့ အဝတ်စနဲ့ခပ်ဖွဖွ လေးသုပ်ကာ မတင်းမကြပ်ချည်ထားပြီး ကိုက်ခံရသည့်ခြေလက်များကို လှုပ်ရှားမှုမလုပ်စေဘဲ ကုသပေးနိုင်တဲ့ကျေးလက်ဆေးခန်းတွေ နဲ့ ကုသပေးနိုင်သူများဆီကို အမြန်ဆုံးသွားရောက်ကုသမှုခံယူ သင့်တယ်လို့ ကျန်းမာရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့အထိ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၇၈ ဦးအထိရှိခဲ့ပြီး ကလေးငယ် ၂ ဦး အပါအဝင် သေဆုံးသူ ၆ဦးအထိရှိခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ မြွေကိုက်ခံရမှုစာရင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Show More

Related Articles

Back to top button