စစ်ပြေးဒုက္ခသည်များသတင်း

ဒေါ့ဖုန်းယန်ကျေးရွာ တိမ်းရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူတွေ သွားလာရေးကန့်သတ်ခံထားရပြီး စစ်ရှောင်အကူအညီလိုအပ်နေ

မြစ်ကြီးနား – ဗန်းမော်လမ်မကြီးတစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေခဲ့တာကြောင့် ဒေါ့ဖုန်းယန်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်းများ သွားရောက်လုပ်ကိုင်ချင်ပေမယ့် သွားလာရေးကန့်သတ်ခံရထားရတယ်လို့သိရပါတယ်။

ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ ဒင်ဂါ၊ နောင်ဝမ့်၊ ခလားနဲ့ တိန်ဂျန် စတဲ့ ကျေးရွာနေ စစ်ရှောင်ပြည်သူများက နေရပ်စွန့်ခွာထားတဲ့ ဒေသမှာ တောင်ယာ လုပ်ငန်းများသွားရောက်လုပ်ကိုင်ဖို့ လက်နက်ကိုင် ၂ ဖွဲ့ဘက်ကနေ သွားလာခွင့် ပိတ်ဆို့ထားတယ်လို့ စစ်ရှောင်တွေကို ကူညီပေးတဲ့ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

အခုသူတို့ရဲ့အခက်အခဲက ရွာမှာသူတို့လုပ်ထားတဲ့ တောင်ယာလုပ်ငန်းတွေကို သွားရောက် လုပ်ကိုင်ချင်ကြတယ်။ အမှန်တော့ ဒီစစ်ရှောင်တွေက ဗန်မော်ဘက်ကိုရှောင်လို့ရတာဟုတ်တယ်။ ဒါပေမယ့် သူတို့လုပ်ထားတဲ့ တောင်ယာလုပ်ငန်းတွေကို ပြန်ကြည့်ချင်ကြလို့ ဒေါ့ဖုန်းယန်မှာပဲ နေနေကြတာတယ်။ စစ်တပ်ကနေ ဂိတ်တားထားတာမျိုးတော့မရှိဘူး။ ဒါပေမယ့် မလိုအပ်ပဲနဲ့ မသွားဖို့ ၂ ဖက်စစ်တပ်ကပြောထားတာဟုတ်တယ်

အဲဒီစစ်ရှောင်တွေဟာ တောင်ယာလုပ်ငန်းသွားရောက်လုပ်ကိုင်တာမဟုတ်ပဲ စွန့်ခွာထားတဲ့ နေအိမ်နဲ့ အိမ်မွေးတိရိစ္ဆာန်များကို သွားရောက်ကြည့်ရှု့လိုသူများအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကနေ တဆင့်အကြောင်း ကြားပြောဆိုထားရမှာဖြစ်ပြီးတော့ ပြန်ခွင့်ရသူများကလည်း သတ်မှတ်ထားတဲ့အချိန်မှာ စစ်ရှောင်စခန်းနေရာကို ပြန်ရောက်ရမယ် ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ ကျေးရွာ ၄ ထဲက ဒင်ဂါနဲ့ခလား ကျေးရွာ ၂ ခုဟာ  ကျေးရွာထဲကိုဝင်ခွင့်မရှိတဲ့အပြင် သွားလာခွင့်ပါ ပိတ်ဆို့ထားတဲ့အတွက် စစ်ရှောင်များနေရပ်ပြန်ပြီး လယ်ယာလုပ်ငန်းများ သွားရောက်လုပ်ကိုင်ဖို့ အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။

အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေဟာ သူတို့ရဲ့စားဝတ်နေရေးအတွက် နှစ်စဉ်တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြပြီး တိုက်ပွဲကြောင့် စွန်ခွာထားခဲ့ရတဲ့ တောင်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်မရတော့ တဲ့အတွက် လာမယ့်နှစ်တွေမှာ အစားအသောက်ပိုမိုကြပ်တည်းလာနိုင်တယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေဟာ စစ်ဘေးရှောင်ကာလ တစ်လကျော်လောက်သာရှိသေးအတွက် လက်ရှိတိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ နေရာအခက်အခဲများကြုံတွေ နေရတယ်လို့ ဒေါ့ဖုန်းယန် KBC ဘုရားကျောင်းဝင်းမှာ တိမ်းရှောင်နေတဲ့ ဒင်ဂါစစ်ရှောင်တစ်ဦးက အခုလိုပြောပါတယ်။

အခက်ခဲဆုံးကတော့ အစားသောက်ပေါ့လေ။ အဲ့ထဲမှာ ဆန်ကတော့ အဓိကလိုတယ်။ ပြီးရင် နေဖို့ထိုင်ဖို့ အခက်အခဲဖြစ်တယ်။ အားလုံးက ဖြစ်သလို သမန်သလင်းမှာ အခင်းခင်းပြီး အိပ်ကြသေးတာ။ တစ်ချို့ သက်ကြီးရွယ်အိုတွေအတွက်တော့ ကြာလာရင် အဆင်မပြေဘူး။ အဆောက်အဦးတွေကကြတော့ စစ်ရှောင်တဲ့ကာလ ၃ လလောက်ကြာသွားမှ အဆောက်အဦးတွေဆောက်ပေးကြတာလို့ပြောတယ်။ အဲ့ကြောင့် လောလောဆယ်က အစားအသောက်နဲ့ နေရာအခက်အခဲပေါ့လေလို့ပြောပါတယ်။

လက်ရှိ စစ်ရှောင်များ ရင်ဆိုင်နေရတဲ့ စစ်ရှောင်အခက်အခဲနဲ့ တောင်ယာလုပ်ငန်းများ သွားရောက် လုပ်ကိုင်ခွင့်မရတဲ့အတွက် နေရပ်ပြန်ပြီး မူလအတိုင်း သွားရောက်လုပ်ကိုင် စားသောက်ချင်နေကြပေမယ့် တစ်ဖက်မှာ သွားလာခွင့်အပြင် စစ်ရေးတင်းမာမှုဆက်လက် ဖြစ်ပွားနေသေးတဲ့အတွက် နေရပ်ပြန်ဖို့ ခက်ခဲနေသေးတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လောက်ကနေ ဗန်းမောက်လမ်းမပေါ်တစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒင်ဂါနဲ့ ခလားစတဲ့ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲအဖြစ်များဆုံးဒေသဖြစ်ခဲ့ပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တို့ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေမယ့် ၂ ဖက်တပ် စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်ပြီး ဒေါ့ဖုန်းယန် ဟန်းဂိုင်ဘွမ့်(Hanggai Bum)နေရာမှာ ရှိတဲ့ စစ်ကောင်စီ ခလရ ၁၄၂ တပ်ရင်းကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ရံဖန်ရခါ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် စစ်တပ်နဲ့ မလှမ်းမကမ်းမှာရှိကြတဲ့ ဒင်ဂါ၊ ခလား၊ နောင်ဝမ့်နဲ့ တိမ်ဂျန် စတဲ့ ကျေးရွာနေ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီကနေ လက်နက်ကြီးပစ်ခတ်တာတင်မကပဲ စစ်ကြောင်းဝင်ရောက်လာတိုင်း လူသားဒိုင်းအသုံးပြုခံရတာတွေကြုံတွေ့နေရတဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်ပြီး နေရပ်စွန့်ခွာခဲ့ကြရတာလည်းဖြစ်တယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

အဲ့ဒီကျေးရွာ ၄ ခုမှ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိ ဒေါ့ဖုန်းယန်ကျေးရွာရှိ သက်ဆိုင်ရာ ဘာသာရေးကျောင်းတွေမှာ တိမ်းရှောင်နေကြပြီး ကျေးရွာ ၄ခုကနေ စစ်ရှောင်အိမ်ထောင်စု ၁၈၃ စုရှိတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

မြစ်ကြီးနားဗန်မော်ကားလမ်းမပေါ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကနေ စစ်ကောင်စီတပ်က နမ်ဆန်ဘက်ကို ဦးတည်ပြီးတော့ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တိုက်ပွဲတစ်ဖန်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေထပ်မံဖြစ်ပွားလာတဲ့အတွက် ယခင် ၁၀ နှစ်ကျော်လောက် အကြာ စစ်ဘေးတိမ်းရှောင်ခဲ့ကြတဲ့ ဒင်ဂါနဲ့ ခလားစစ်ရှောင်ပြည်သူတွေဟာ နေရပ်ပြန်ပြီး ၅ နှစ်လောက်မှာပဲ ဒုတိယအကြိမ်ပြန်လည် တိမ်းရှောင်ရတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button