စစ်ပြေးဒုက္ခသည်များသတင်း

ကဇူးရွာမှာတိမ်းရှောင်နေတဲ့စစ်ရှောင်ပြည်သူတစ်ချို့ မြစ်ကြီးနားဘက်ကို ထပ်ပြီးတိမ်းရှောင်ဖို့ပြင်ဆင်နေ

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြစ်ကြီးနားဗန်းမော်လမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးနေတဲ့အတွက် ကဇူးရွာက စစ်ရှောင်ပြည်သူများ မြစ်ကြီးနားမြို့ဘက်ကို ဆက်ပြီးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေ တိုက်ပွဲစတင်ပြင်းထန်လာတဲ့ နမ်ဆန်ယန်ရွာက ပြည်သူ တစ်ချို့ဟာ မြစ်ကြီးနား၊ဝိုင်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သူရှိသလိုနမ်ဆန်ယန်ရွာနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကဇူးကျေးရွာမှာတင် တိမ်းရှောင်ခဲ့သူတွေရှိခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိ ကဇူး၊ ဒဘတ်၊ ကျေးရွာတစ်ဝိုက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေလုံခြုံရေးစိုးရိမ်လာရတာကြောင့် ကဇူးကနေ မြစ်ကြီးနားမြို့ဘက်ထပ်မံသိမ်းရှောင်ဖို့ ပြင်ဆင်နေကြပြီဖြစ်တယ်လို့ ကဇူးကျေးရွာမှာခိုလှုံနေတဲ့ နမ်ဆန်ယန်စစ်ရှောင်ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို ခုလိုပြောပါတယ်။

တိုက်ပွဲသံက ဆက်တိုက်ပဲ။ ကဇူးကရွာသားတွေလည်း စိုးရိမ်ပြီး တိမ်းရှောင်ချင်နေကြပြီ။ ဒါပေမဲ့ သက်ဆိုင်ရာက ညွှန်ကြားသလိုပဲလုပ်ရအောင်ဆိုပြီး ခေတ္တတော့သည်းခံနေနေကြသေးတယ်။ ကဇူးက ရွာသားတချို့တော့ ပစ္စည်းတွေ သယ်ပို့နေပြီ။ ကဇူးရွာသားတွေက မြို့ဘက်စစ်ရှောင်စခန်းမှာ နေရာရှိသေးတယ်။ သူတို့ထွက်ပြေးလည်း ဒို့နမ်ဆန်ယန်စစ်ရှောင်တွေတော့ သပ်သပ်စီဖြစ်ရမလိုဟုတ်တယ်” လို့ ကဇူးကျေးရွာမှာ ခိုလှုံနေတဲ့ နမ်ဆန်ယန်စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကဇူးရွာမှာရှိတဲ့ KBC အသင်းတော်ခြံဝင်းထဲ ခိုလှုံစစ်ရှောင်နေတဲ့ နမ်ဆန်ယန်ရွာက စစ်ဘေးရှောင်တွေဟာ အိမ်ခြေ ၁၉ ခုနဲ့ လူဦးရေ ၅၀ ကျော်ရှိပြီး အဲဒီစစ်ရှောင်တွေဟာ အရင် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ စစ်ရှောင်စခန်းတွေမှာ နေထိုင်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်နေရပ်ပြန်ခဲ့ပြီးနောက် စစ်ရှောင်စခန်းထဲကအမည်စားရင်းထုတ်လိုက်တာမို့ လက်ရှိ စစ်ရှောင်အဖြစ်ပြန်လည်တိမ်းရှောင်ရာမှာ ခက်ခဲမှုတွေရှိနေတယ်လို့ဆိုပါတယ်။

ဒါကြောင့် ကဇူးရွာက ပြည်သူတွေနဲ့အတူ ထပ်မံထွက်ပြေးတိမ်းရှောင်ပေမယ့် အတူနေထိုင်လို့မရဘဲ စခန်းသပ်သပ်စီခွဲနေရမယ့်အခြေနေမှာရှိနေတယ်လို့လည်း ကဇူးရွာမှာစစ်ရှောင်နေကြရတဲ့ နမ်ဆန်ယန်ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ရှောင်တွေထဲမှာ ကလေးသူငယ်နဲ့ အမျိုးသမီးအများဆုံးဖြစ်ပြီး လက်ရှိရာသီတုတ်ကွေးနဲ့ ဖျားနာမှုများလည်း ဖြစ်ပွားနေတယ်လို့ ဆက်လက်သိရပါတယ်။

ကဇူးရွာဟာ စစ်တပ်နဲ့ကပ်ရပ်ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာပါက ပထဆုံးထိခိုက်မဲ့အခြေအနေဖြစ်နေသလို မြစ်ကြီးနားဗန်းမော်လမ်းတစ်လျှောက် ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း ကျေးရွာအတွင်း ခြိမ်းခြောက်ပြောဆိုထားမှုတွေ ရှိနေတာကြောင့် စစ်တပ်နဲ့ကပ်ရပ်ရှိနေတဲ့ ကဇူးကျေးရွာဒေသခံတွေကတော့ မြစ်ကြီးနားမြို့ဘက်သို့ တိမ်းရှောင်ဖို့ စတင်ပြင်ဆင်နေခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က နမ်ဆန်ယန်ဘက်သို့ အဆက်မပြတ် စစ်အင်အားပို့ကာ ထိုးစစ်ဆင်နေတာကြောင့် နေ့တိုင်း ကစူးနဲ့ဒဘတ်ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားနေပြီး နေရပ်ပြန်ဒေသခံပြည်သူတွေကလည်း ဆက်လက်စိုးရိမ်ပြီး နေနေရတယ်လို့ ကစူးကျေးရွာက ဒေသခံတစ်ဦးကလည်း ယခုလိုဆက်ပြောပါတယ်။

 စစ်တပ်ကတော့ ဆက်တိုက်ထိုးစစ်ဆင်လှုပ်ရှားနေတယ်။ သွားသွားပြန်ပြန်ပဲ။ အင်အား ၄၀၊ ၅၀ ကပုံမှန်ဖြတ်တယ်။ လမ်းတစ်ဝက်မှာ ပစ်ခံရလိုက်၊ ပြန်နားလိုက်နဲ့ သူတို့ဖြတ်နေသရွေ့တော့ နေ့တိုင်းတိုက်ပွဲသံကြားတယ်။ ဆိုတော့ ရွာသားတွေအတွက် ခြံသွား၊ လယ်သွား၊ ယာသွား အရမ်းခက်တယ်။ အခြေအနေက ရွာသားတွေအတွက် စိုးရိမ်နေရတယ်။ သူတို့က ဟိုဘက်ကို ထိုးစစ်ဆင်နေတော့ ဒီဘက်ကနေ ဖြတ်လာရင်လည်း လမ်းသွားလမ်းလာရင် စစ်ဆေးမေးမြန်းတာတွေ ကြုံတွေ့နေကြရတယ်။” ဟုပြောပါတယ်။

 လက်ရှိ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား နဲ့ ဝိုင်းမော်ဘက်ကနေ တစ်နေ့ကို အင်အား ၅၀ နဲ့ ၈၀ ကြား ပုံမှန်ပို့ဆောင် လှုပ်ရှားသွားလာနေပြီး ဆက်တိုက်ထိုးစစ်ဆင်နေသေးတာကြောင့် မလိနဲ့ ဂျာပူကျေးရွာတဝိုက် KIA ဘက်ကလည်း ပုံမှန်ကြားဖြတ်တိုက်ခိုက်လျက်ရှိနေပါတယ်။

နမ်ဆန်ယန်သို့ ဆက်တိုက်ထိုးစစ်ဆင်နေတာကိုကြည့်ရင် အချိန်လည်းကြာအုံးမယ်လို့ ခန်းမှန်းရတယ်။ သူတို့စစ်တပ်တွေရဲ့ စီမံကိန်းက ဘယ်လိုလဲမသိဘူး။ လချီကြာအုံးမလားမသိဘူး။ ဒို့ရွာသားတွေ နေရပ်ပြန်စစ်ရှောင်တွေကလည်း ရွာကနေပြန်ထွက်ရမလား စိတ်တွေဝေ နေကြတယ်။ စစ်တပ်က အရမ်းထိုးစစ်ဆင်လာတော့ ရှေ့တန်းမှာ ထိခိုက်သေဆုံးတာများလာရင်လည်း ဒို့ရွာသားတွေကို နှောက်ယှက်နှိပ်စက်လာမှာ အမျိုးမျိုးတွေးပြီး စိုးရိမ်နေကြတယ်။ နေ့တိုင်းအခြေအနေကြည့်ပြီး နေနေသေးတယ်” လို့ ကဇူးကျေးရွာက နေရပ်ပြန်စစ်ရှောင်ပြည်သူက ဆက်လက် ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှ KIO ဌာနချုပ် လိုင်ဇာမြို့အနီး နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား စစ်ရေးစတင်တင်းမာလာပြီး ဇူလိုင်လဆန်း ၃ ရက်နေ့မှစပြီး တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူများလည်း မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button