သတင်း

ဖားကန်ကျောက်စိမ်းတောင် ရေကန်ကြီး ယိုစိမ့်မှုဖြစ်ပေါ်နေတာကြောင့် ပေါက်ထွက်မှာကို ဒေသခံများစိုးရိမ်နေ

ဖားကန့် မှော်ဝမ်းကလေးနဲ့ မှော်ဝမ်းကြီး ကျေးရွာ ၂ခုကြားမှာရှိတဲ့ ယခင်ကျောက်စိမ်လုပ်ကွက်ဟောင်းနေရာလည်းဖြစ် ကျောက်စိမ်းတောင်ရေကန်(ဒေသအခေါ်)နေရာမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်တစ်ချို့က ရေကန်ထဲကို စွန့်ပစ်မြေစာတွေ သွန်ထည့်နေတာကြောင့် ရေစိမ့်ယိုမှုဖြစ်ပေါ်နေပြီးတော့ ရေကန်ပေါက်ထွက်လာမယ့် အခြေအနေမှာ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

ဧက ၃၀ ဝန်းကျင်လောက်ကျယ်ဝန်းတဲ့ ကျောက်စိမ်းတောင်ရေကန်ကြီးထဲကို နေ့စဉ် စွန့်ပစ်မြေစာ သွန်ထည့်နေတာ ကြောင့် ပေ ၃၀၀ ကျော်လောက်နက်တဲ့ ရေမျက်နှာပြင်ဟာ တစ်ရက်ကို တစ်ပေအထက် ရေမြင့်တက်နေတဲ့အတွက် ရေကန်ကြီးပေါက်ထွက်လာနိုင်ပြီး ကြီးမားတဲ့သေဆုံးမှုတွေဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဖားကန့် ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“အဲ့မှာကျောက်တူးနေတဲ့ ကုမ္ပဏီတွေက ဘက်ဟိုးတွေနဲ့ ကလော်ပြီး ရေကန်ထဲသွန်ထည့်နေတော့ ရေကတစ်ရက်ကို တစ်ပေခွဲ ၂ ပေလောက်အထိတက်နေတာ။ ရေကန်ထဲက ရေမျက်နှာပြင်ဆက်တက်မယ်ဆိုရင် ရေပေါက်ထွက်သွားတဲ့ အထိဖြစ်လာနိုင်တယ်။ အဲ့ဒီအခါကျရင် ရေမဆေးသမားတွေထိခိုက်သေဆုံးတာတွေဖြစ်လာနိုင်တယ်။ ပြီးရင် မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူတွေ ဒုက္ခရောက်လိမ်မယ်လို့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ ဒီမှာရှိတဲ့ အသက်ကြီးပိုင်းတွေလည်း အဲ့လိုပဲ သုံးသပ်နေကြတယ်”လို့ပြောပါတယ်။

လက်ရှိဘက်ဟိုးများနဲ့ ကျောက်စိမ်းတူးဖော်နေတဲ့နေရာဟာ ရေကန်ရဲ့ကုတ်ထပ်နေရာမှာ လုပ်ကိုင်နေကြတာဖြစ်ပြီး အဲ့ဒီအပေါ်ကနေ စွန်ပစ်မြေစာကို ရေကန်ထဲကို သွန်ထည့်နေတာကြောင့် မိုးတွင်းကာလမှာ ပိုပြီးတော့ သတိထား စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။

ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပုံများကို စက်ယန္တရားများနဲ့ စနစ်တကျစွန့်ပစ် တာမျိုးမဟုတ်ပဲ ရေကန်ထဲကိုသာ သွန်ပစ်နေတာကြောင့် ရေမျက်နှာပြင်ဟာ တစ်ရက်ပြီးတစ်ရက် ပိုကျယ်ပြန်လာနေပြီး ရေယိုစိမ့်မှုများဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေကန်ရဲ့ အောက်ခြေဘက်နေရာတွေမှာလည်း ဘက်ဟိုးစက်များနဲ့ ရွှေမျှောတွေများအပါအဝင် တူးဆွကြတဲ့ သူတွေရှိကြတဲ့အတွက် ရေစိမ်ယိုမှုဟာ တဖြည်းဖြည်းဖြစ်ပေါ်နေပြီး ရေမြင့်တက်မှုကလည်း ကုန်းကမ်းပါးနဲ့ ရေမျက်နှာပြင် ၁၀ ပေဝန်းကျင်လောက်သာ ထိစပ်နေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကုမ္ပဏီများရဲ့ စွန့်ပစ်မြေစာများကို စနစ်တကျစွန့်ပစ်ဖို့နဲ့ ပြည့်လျှံလာတဲ့ ရေကန်ကို ပေါက်ထွက်မှုမဖြစ်အောင် တာဝန်ရှိတဲ့ သူတွေအမြန် ကြပ်မတ်ဆောင်ရွက်ဖို့သင့်နေပြီလို့ ဖားကန့် ဒေသခံက ဆက်ပြောပါတယ်။

“ကျနော်တို့ ဒေသခံတွေဖြစ်ချင်နေတာက တာဝန်ရှိတဲ့ သူတွေအနေနဲ့ သေချာကွင်းဆင်းပြီးမှ လုပ်ပေးစေချင်တယ်။ ကုမ္ပဏီတွေလည်း မြေစာပုံတွေကို ရေကန်ထဲစွန်ပစ်တာတွေမလုပ်ဖို့ကြပ်မတ်ပေးစေချင်တယ်။ မလွဲသာလို့ ရေကန်ပေါက်ထွက်သွားပြီဆိုရင် မဖြစ်သင့်တာတွေ ဖြစ်လာမှာက သေချာတယ်။ ဒါကြောင့် မဖြစ်ခင်မှာ ကြိုတင်လုပ်ဆောင်စေချင်တယ်။ ဒါက ဒီရွာတဝိုက်မှာရှိတဲ့ ဒေသခံတွေရဲ့ ဆန္ဒတွေလည်းဖြစ်တယ်”လို့ပြောပါတယ်။

ကျောက်စိမ်းတောင်ရေကန် ရေစိမ့်ယိုမှုနဲ့ ရေပြည့်လျှံလာတာနဲ့ပတ်သက်ပြီး အမြန်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တာဝန်ရှိတဲ့သူတွေကို တင်ပြတောင်းဆိုတာတွေ လုပ်ချင်ပေမယ့် လက်ရှိ ဖားကန့်ဒေသမှာဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေကြား တိုင်းကြားမယ့်နေရာမရှိတဲ့အတွက် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်။

လက်ရှိရေကန်ပတ်ပတ်လည် အနီးတဝိုက်မှာ ဘက်ဟိုး ၁၀ စီးကျော်ထက်မနည်း နေ့စဉ်အဆက်မပြတ် ကျောက်တူးဖော်နေတာကြောင့် ရေကန်ပေါက်ထွက်မှုဖြစ်ပွားခဲ့ရင် အေးမြယာသာ မြို့ပေါ်ရပ်ကွက်နဲ့ မှော်ဝမ်းဘက်ခြမ်း စတဲ့နေရာတွေကို ရေလမ်းကြောင်း ၂ ခုနဲ့ ဝင်ရောက်လာနိုင်တယ်လို့ နောက်ထပ် ဖားကန့် ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

“တကယ်လို့ ရေကန်က ပေါက်ထွက်လာရင် အဓိကတော့ အေးမြသာယာနဲ့ မော်ဝမ်းတစ်ချို့နေရာတွေမှာ စိုးရိမ်ရတယ်။ သူက ရေလမ်းကြောင်း ၂ ခုနဲ့ပေါက်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ ပတ်ပတ်လည်မှာက ဘက်ဟိုး ၁၀ စီးကျောက်လောက်ရှိတာ။ တစ်နေရာမှာ ၃ စီးအထက်ပဲ အဲ့ဒီဒါကို တစ်ချို့က မြေစာပို ဘက်ဟိုးနဲ့ကလော်ပြီးတော့ ရေကန်ထဲကို ပစ်ထည့်ကြတယ်။ တစ်ချို့ကတော့ မျှောတိုက်ထည့်တာဟုတ်တယ်။ အဲ့လိုလုပ်နေရင် ရေက မထွက်လာနိုင်အကြောင်းမှမရှိတာ”လို့ပြောပါတယ်။

အဲ့ဒီ ကျောက်စိမ်းတောင် ရေကန်ကြီးဟာ လွန်ခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ဝန်းကျင်လောက်က ကျောက်စိမ်းတူးဖော်ရေး ကျောက်စိမ်းတောင် ကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းတစ်ခုဖြစ်ပြီး ကုမ္ပဏီက ရေပေါက်ထွက်မှုမဖြစ်အောင် စနစ်တကျ လုပ်ဆောင်သွားတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေကပြောဆိုနေကြပါတယ်။

ဒါကြောင့် ဖားကန့်ဒေသမှာ အစိုးရလိုရှိနေကြတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ ဒေသခံ ရပ်ရွာတာဝန်ခံတွေနဲ့ ပူးပေါင်းပြီး အရေးယူဆောင်ရွက်တာပဲဖြစ်ဖြစ်၊ အမြန်ဆုံးတာဝန်ယူ ကြပ်မတ်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ကျောက်စိမ်းတောင်ရေကန်ကြီးဟာ ယခင်နှစ်တွေမှာလည်း မြေပြိုကျမှုကြောင့် ရေမဆေးသမားများ သေဆုံးမှု မကြာခဏဖြစ်ပွားနေတဲ့ နေရာလည်းတစ်ခုဖြစ်တာကြောင့် သေဆုံးမှုတွေ ထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

အခုအပတ် ဩဂုတ်လ ၁၃ ရက်နေ့မှာ ဖားကန့် မနမှော်ကျေးရွာရှိ ပေ ၅၀၀ လောက်ရှိတဲ့ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် ရေမဆေးသမား ၄၂ ကျော်ထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button