သတင်း

ကသိုဏ်းတောင်တပ်စခန်း စစ်တပ်ကပြန်လည်တပ်စွဲနေထိုင်နေပြီဟုဆို

ဖားကန့် ကသိုဏ်းတောင်တပ်စခန်းမှာ စစ်တပ်ပြန်လည်တပ်စွဲထားတဲ့အပြင် တာမခန်-ဆိုင်းတောင်သွားလမ်းပိုင်းကိုလည်း ဖြတ်တောက်ထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ်လဆန်း ၇ ရက်နေ့ တာမခန်နဲ့ နမ့်မှော်ကြားက ကသိုဏ်းတောင်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/PDF တို့သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် ၂  ရက်အကြာ ဩဂုတ်လ ၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ပြန်လည်တပ်ချနေပြီဖြစ်တဲ့အပြင် လက်ရှိမှာတော့ တာမခန်နဲ့ ဆိုင်းတောင်သွားလမ်း ၂ နေရာမှာ ဖြတ်တောက်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်တပ်ကတော့ အရင်တိုင်းပြန်ထိုင်နေပြီ KIA ကတော့ သူတို့အထိုင်ချဖို့ တိုက်ခိုက်တာတော့ မဟုတ်ဘူး KIA ဘက်က သိမ်းပြီး ထိုင်နေဖို့လည်းမလွယ်ဘူ လေယာဉ်နဲ့ လာတိုက်နေတာဆိုတော့ ခုတော့ နှစ်ဖက်စလုံ  လှုပ်ရှားနေတာတော့ရှိတယ်” လို့ တာမခန်ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနကိုပြောပါတယ်။

ကသိုဏ်းတောင်စစ်တပ်နဲ့ နမ့်မှော်စစ်တပ်၊ ဆယ်ဇင်း SNA တပ်စခန်း စတဲ့တပ်စခန်းတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်နေ့မှာပဲ စစ်ကောင်စီဘက်က လက်နက်ကြီးများပစ်ခတ်တဲ့အပြင် လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ပြန်ထိုင်နိုင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

သိမ်းပိုက်ခံရပြီး ၂ ရက်အကြာမှာပဲ စစ်တပ်ပြန်ထိုင်နေပြီဖြစ်ကာ လုံခြုံရေးအပြည့်ချထားပြီး ကသိုဏ်းတောင်လမ်းအတိုင်း တာမခန်-ဆိုင်းတောင်သွားလမ်းကို ပိတ်ပင်ထားတာကြောင့် ဒေသခံတွေ သွားလာလို့မရသေးဘူးလို့ အခုလို ဆက်ပြောပါတယ်။

သွားလာရေးတော့ အဲ့ဒီကသိုဏ်းတောင်လမ်းအတိုင်းတော့ ဖြတ်သွားလာခွင့်မပေးသေးဘူး။ တာမခန်ကနေတော့ ကားအစီးတစ်ခါတက်လာရင် ၅ စီးလောက် ၈ စီးလောက် စုပြီး တစ်ဖြတ်တစ်ဖြတ် ပေးသွားတယ်။ ဝှေခါဘက်ကနေ ကွေ့ ဝိုက်ပြီး ဖားကန့်-ဆိုင်းတောင်ဘက်သွား၊ မိုးညှင်းဘက်သွား အေ အဲ့လို ဝှေခါဘက်ကနေ ကွေ့ပြီးတော့ သွားလာနေတယ်”  ဟု ၎င်းကဆက်ပြောပါတယ်။

ကသိုဏ်းတောင်နဲ့ နမ့်မှော်တိုက်ပွဲကြောင့် မှော်ရှန်၊ဆိုင်းတောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ နမ့်မှော်၊ ကောင်ဆန်၊ကောင်းသော့၊မှော်လခဲ စတဲ့ကျေးရွာ ၄ ရွာက ဒေသခံ စစ်ရှောင်ပြည်သူ ၁ ထောင်ကျော်လည်း တိုက်ပွဲအခြေအနေငြိမ်ပြီဖြစ်တာကြောင့် ဩဂုတ်လ ၁၁ ရက်နေ့မှာပဲ နေရပ်ပြန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ ကသိုဏ်းတောင်အနီးတဝိုက်က ကျေးရွာပြည်သူ ၁၀၀ ကျော်ကတော့ နေရပ်ပြန်လို့မရသေးဘဲ မှော်ရှန်ခရစ်ယန်အသင်းတော် ဘုရားကျောင်းဝင်း တစ်ခုမှာ ဆက်လက်ခိုလှုံစစ်ရှောင်နေရသေးတယ်လို့ မှော်ရှန်စစ်ရှောင်ကူညီနေသူတစ်ဦးကလည်း အခုလိုပြောပါတယ်။

မှော်ရှန်ဘုန်းကြီးကျောင်းက စစ်ရှောင်တွေတော့ အကုန်လုံးပြန်သွားကြပြီ။ မှော်ရှန်ချင်းဘုရားကျောင်းမှာ အယောက် ၁၀၀ ဝန်းကျင် ကျန်သေးတယ်။ သူတို့တွေကတော့ ပြန်လို့မရသေးဘူး။ သူတို့က ကသိုဏ်းတောင်က ကျေးရွာပြည်သူတွေဖြစ်တယ်။ ဟိုဘက်ပြန်ရင်လည်း ဟိုဘက်မှာ ပြန်ပိတ်မိနေမှာ စိုးရတယ်။ ပြန်ထွက်မရဖြစ်နေတော့။” ဟု မှော်ရှန်စစ်ရှောင်ကူညီနေသူတစ်ဦးကပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာကသိုဏ်းတောင်မှာ ပြန်လည်တပ်ချနေပြီဖြစ်ပြီး လုံခြုံရေးတင်းကြပ်ထားသလို KIA ဘက်ကလည်း ဘေးပတ်ဝန်းကျင်မှာ ဆက်လက်လှုပ်ရှားနေသေးတဲ့အခြေအနေဖြစ်တာကြောင့် အဲ့ဒီအနီးတဝိုက်က ပြည်သူတွေကတော့ နေရပ်ပြန်လို့ မရသေးတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ KIO ဌာနချူပ် နမ်ဆန်ယန်ဘက်သို့ စစ်ကြောင်းလည့် စစ်အင်အား အလုံးအရင်းဖြင့် သယ်ယူပို့ဆောင် ထိုးစစ်ဆင်နေတာကြောင့် စစ်အင်အားနှောင့်နှေးစေလိုတဲ့သဘောဖြင့် ဖားကန့်ဘက်က စစ်ကောင်စီတပ်စခန်းတွေကို  KIA တပ်မဟာ ၉ တပ်ရင်း ၆ တွေ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ မြစ်ကြီးနားရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။

စစ်တပ်ဘက် KIOဌာနချုပ်ဘက် အင်အားပို့တာအဆက်မပြတ်ဖြစ်နေတော့ အင်အားနှောက်နှေးဖို့ အခြားဘက်ကနေ ပစ်ခတ်တိုက်ခိုက်ပေးတဲ့ သဘောဖြစ်တယ်။ အလောဘွမ်လိုမျိုးမှာပဲ သိမ်းပြီး ပြန်ထိုင်လို့ရမယ်။ ဘာလို့ KIA က သိမ်းပြီး ထိုင်လို့မရတာလဲဆိုတော့ လေယာဉ်ဗုံးဘယ်လိုမှ ရှောင်လို့မရဘူးလေ။ ဒီလိုပဲ စစ်တပ်အင်အားကျအောင် လာလုပ်တဲ့သဘောပြောလို့ရတယ်။ ဘာလို့ဆို အောက်ပိုင်း ရွှေကူ-ဗန်းမော်ဘက်ကနေလည်း သဘေင်္ာတွေ ဆက်တိုက်တက်နေတော့ ဆိုးဆိုးရွားရွားဖြစ်လာမှာစိုးလို့။” ဟု ၎င်းက သုံးသပ်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကနေစပြီး စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIO ဌာနချုပ်ဘက် နမ်ဆန်ယန်ဘက်သို့ စစ်ကြောင်းအဖက်ဖက်မှ စစ်အင်အားတွေ ပို့ဆောင်နေတာကြောင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button