သတင်း

စဗျစ်ခူးရွာကို ရွာလုံးကျွတ်ပြောင်းရွှေ့ပြီး ကျောက်စိမ်းတူးဖို့ စီစဉ်နေ

ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု စ‌ဗျစ်ခူးမှော်ကျေးရွာတစ်ရွာလုံးကိုပြောင်းရွှေ့ပြီး ကျောက်စိမ်းတူးဖော်ဖို့ စီစဉ်နေကြတယ်လို့ စဗျစ်ခူးကျေးရွာက ပြည်သူတွေ ပြောပါတယ်။

စက်တင်ဘာ လဆန်းကပိုင်းကစပြီး ကချင်လွတ်‌လပ်ရေးတပ်မတော် KIA  တပ်ရင်း ၆ ဦးဆောင်ပြီး အိမ်တန်ဖိုးအမျိုးအစားအလိုက် A,B,C ခွဲပြီး ညှိနှိုင်းနေဆဲဖြစ်တယ်လို့ စဗျစ်ခူးကျေရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုက ရွာအရှေ့ဘက်က အိမ်ဆယ်လုံးလောက်စပြီး ညှိနှိုင်းပေးတာပေါ့ အဆင့် (A,B,C) ခွဲပြီး ဆောင်ရွက်ပေးမယ်‌ပြောတယ်လို့ ပြောပါတယ်။

နေအိမ်များရွှေ့ပြောင်းရန်အတွက် ညှိနှိုင်းနေတဲ့ ရွှေ့ပြောင်းစရိတ်၊အိမ်တန်ဖိုးများမှာ ခေတ်ကာလ ကုန်ဈေးနှုန်းအခြေအနေအရ နည်းပါးနေတဲ့အတွက် အများစုက လက်မခံနိုင်ဘဲ ဖြစ်နေကြတယ်လို့ သူမက ဆက်ပြောပါတယ်။

တချို့ တဲသာသာ အိမ်ကလေးတွေကတော့ အဆင်ပြေတာပေါ့၊နေအိမ်ကောင်းကောင်းမွန်မွန်တွေကတော့ သူတို့ပေးတဲ့ ငွေကြေးနဲ့ အိမ်ပြန်ဆောက်ရမှာက ဘယ်လိုမှ အဆင်မပြေလို့ အများစုကတော့ အဆင်မပြေကြပါဘူးလို့ စပျစ်ခူးကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကဘဲ ဆက်ပြောပါတယ်။

ဒီပြောင်းရွှေ့မယ့် ကိစ္စမှာ KIA ဘက်က စပျစ်ခူးကျေးရွာအနီးရှိ မျောက်ဖြူမှော်ကျေးရွာအနီးမှာ မြေနေရာ အစားထိုးပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး (ပေ၄၀×၆၀)ရှိ မြေနေရာ တစ်ကွက်နှင့်အတူ ရွှေ့‌ပြောင်းခ၊ လက်ရှိ နေအိမ်တန်ဖိုးတွေကို တွက်ချက်ပေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ နေထိုင်နေတဲ့ စပျစ်ခူးကျေးရွာနေရာမှာ ရေ၊မီး၊လမ်းပန်း ဆက်သွယ်ရေး အားလုံးအဆင်‌‌ပြေအောင်ဆောင်ရွက်ထားရှိပြီးဖြစ်တဲ့အတွက် တစ်ခြားတစ်နေရာကို ရွှေ့ပြောင်းရပါက အဆင်မပြေမှုတွေကြုံရမှာကို စပျစ်ခူး‌ကျေးရွာဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ပြောင်းပြီဆိုရင် အစစအရာရာ အစကနေပြန်လုပ်ယူရမှာတွေက များတယ်လေ အဲဒါကြောင့် အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ခုလောလောဆယ်တော့ ညှိနှိုင်းနေဆဲဘဲလို့နောက်ထပ် စဗျစ်ခူးရွာ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ညှိနှိုင်းနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး  KIA တာဝန်ရှိသူတွေကို KNG သတင်းဌာနအနေနဲ့ ဖုန်းနဲ့ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

 ဖားကန့်မှာ ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေကို (ဒေသအခေါ် ရာသီချိန်)ကာလမှာ မိုးရာသီကာလကုန်လွန်တဲ့ အောက်တိုဘာလကစပြီး မေလအကုန်အထိ တူးဖော်လုပ်ကိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

စပျစ်ခူးကျေးရွာဟာ နေအိမ် ၁၆၀ ကျော်၊မိသားစုဝင်ဦးရေ ၅၀၀ကျော်နေထိုင်နေပြီး၊ကျေးရွာ တည်ရှိနေတာဟာ နှစ်ပေါင်း လေးဆယ်နီးပါးရှိခဲ့ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်တွင် အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ၁၆..၁၉၉၅ ရက်စွဲပါ စာအရ ရပ်ကွက် ၆ခု၊ကျေးရွာအုပ်စု ၁၅ စု၊ကျေးရွာပေါင်း ၅၄ ရွာ တည်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ဖားကန့်ကျောက်စိမ်းမှော်တွင် မှော်ကျေးရွာပေါင်း ၁၀၀ ကျော်ထပ်မံတည်ရှိနေခဲ့ပြီး ရွှေ့ပြောင်းလုပ်သားဦးရေ သုံးသိန်းကျော်နေထိုင်ကြောင်း ဒေသန္တရမှတ်တမ်းတွေအရ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီသက်တမ်းအားလုံး ၂၀၂၀ခုနှစ်တွင် သက်တမ်းအားလုံးကုန်ဆုံးပြီးဖြစ်ကြောင်း အာဏာမသိမ်းမီကာလမှာ ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက သတင်းမီဒီယာတွေကို ဖြေကြားထားရှိပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ကျောက်စိမ်းတူးဖော်မှုဟာ စစ်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပြီးတော့ ဆက်လက်တူးဖော်နေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button