မြန်မာသူရကုမ္မဏီထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေတိုက်ခိုက်ခံရပြီးနောက် ကုမ္မဏီဝန်းထဲကကျောက်စိမ်းတွေကို ရေမဆေးသမားနဲ့ပြည်သူတစ်ချို့သယ်ယူ
ဖားကန့်မြို့နမ္မဖြစ်ကျေးရွာ အပိုင်း ဖားကန့်–လုံးခင်းသွားကားလမ်းမကြီးပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA/KPDF ဘက်က မနေ့ညသွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် လူသူမရှိချိန် ရေမဆေးသမားတွေ နဲ့ဖားကန့်ပြည်သူတစ်ချို့ ကုမ္ပဏီဝန်းထဲဝင်ရောက်ပြီး ကျောက်စိမ်းတွေသယ်ယူနေကြတယ်လို့ ဖားကန့်မှာနေထိုင်သူတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့ မနေ့ည ၁၀ နာရီလောက်မှာ KIA,PDF ပူးပေါင်းတပ်တွေဟာ စစ်အင်အား ၂၀ ကျော်နဲ့တပ်စွဲထားတဲ့ မြန်မာသူရကုမ္မဏီဝန်းထဲက စစ်ကောင်စီတပ်တွေကို ဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကုမ္မဏီဝင်းထဲက အဆောင်တစ်ချို့ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် စစ်တပ်ဘက်က ရဲတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်းများတဲ့အတွက် ထွက်ပြေးသွားကြတာလို့ သိရပါတယ်။
အဲဒီနောက် ဒီကနေ့မနက် ၁၀ နာရီလောက်ကစပြီး ကုမ္မဏီဝင်းထဲမှာရှိတဲ့ ကျောက်တွေကို ဒေသအတွင်းမှာရှိတဲ့ ရေမဆေးသမားတွေဝင်ရောက် သယ်ယူနေကြတာဖြစ်တယ်လို့ ရေမဆေးသမားတစ်ဦးက ခုလိုပြောပါတယ်။
“မနက် ၁၀ နာရီလောက်ကတည်းက သယ်ယူနေကြတာ အောက်ကျောက်တွေပေါ့ ဒါပေမယ့် တစ်ချို့ကျ ကောင်းတဲ့ဟာတွေလည်းပါတယ်”လို့ ပြောပါတယ်။
မြန်မာသူရကုမ္မဏီဝင်းနားမှာ ဒီကနေ့ နေ့လည် ၂ နာရီလောက်ထိ ကျောက်သယ်ယူသူတွေ ထောင်ချီရှိနေပေမယ့် ၂ နာရီခွဲလောက်မှာ စစ်တပ်ဘက်က အိမ်စီးကား ၃ စီးနဲ့ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကုမ္မဏီဝင်းထဲပေါက်ကွဲသံထပ်ကြားရတဲ့အတွက် ကျောက်သယ်ယူဖို့ ရောက်လာကြတဲ့ ရေမဆေးသမားအပါအဝင် ပြည်သူတစ်ချို့ထွက်ပြေးသွားကြရတယ်လို့ သိရပါတယ်။
“ခုအထဲမှာကျောက်လာသယ်တဲ့သူတွေရဲ့ ဆိုင်ကယ် အစီး ၃၀ လောက်ကပိတ်မိနေတယ်။ လူတွေကတော့ ပြေးကုန်ကြပြီ သယ်ယူနိုင်တဲ့သူတွေလည်းတော်တော်သယ်ယူသွားကြပြီ။ ခုအထဲမှာပေါက်ကွဲသံတွေကြားရလို့လေ လန့်ဖျန့်ပြီးပြေးကုန်တာ”လို့ နောက်ထပ်ပြည်သူတစ်ဦးကပြောပါတယ်။
မြန်မာသူရကျောက်မျက်ကုမ္ပဏီ CEO ဦးကျော်သူရကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုများအားလုံးချိပ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်တွေက ဖားကန့်မှာရှိတဲ့ မြန်မာသူရကျောက်မျက်ကုမ္ပဏီရုံးချုပ်မှာ စစ်ကောင်စီ ရဲနှင့်စစ်သားများ နေရာယူတပ်စွဲနေရာယူထားတာလည်းဖြစ်ပါတယ်။
By – ဇမီ