သတင်း

သတင်းသမားများအပေါ်  ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို BNI တောင်းဆို

မြန်မာ သတင်းသမားတွေအပေါ်  စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့  ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းများအနေနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ Burma News International ( BNI ) က နိုဝင်ဘာလ ၂ ရက်နေ့မှာ တောင်းဆိုချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းချိန်ကစပြီး အနည်းဆုံး သတင်းသမား ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး BNI အဖွဲ့ဝင်သတင်းဌာနများ အပါအဝင် ပြည်တွင်းသတင်းဌာန ၁၄ ခုကို ထုတ်ဝေခွင့် ရုတ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း BNI အဖွဲ့ဝင် Development Media Group(DMG) ရဲ့ စစ်တွေအခြေစိုက်ရုံးခန်းကို စီးနှင်းပြီး သတင်းထောက်တစ်ဦးနဲ့ ညစောင့်တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါတွေဟာ စစ်တပ်က ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်လို့ BNI မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌ နန်းဖော့ဂေ က ထုတ်ပြန်ချက်မှာ အခုလို ဆိုထားပါတယ်။

စစ်ကောင်စီဟာ ဉပဒေကို လက်တစ်လုံးခြားလုပ်ပြီး မြန်မာသတင်းသမားတွေအပေါ် ရာဇဝတ်မှုကျူးလွန်နေပေမယ့် အရေးယူခံရတာတွေလည်း မရှိသေးဘူး” လို့ပြောထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာလည်း သတင်းထောက် စိုင်းဇော်သိုက်ကို စစ်ခုံးရုံးက ထောင်ဒဏ် နှစ် ၂၀ချမှတ်တဲ့ ဖြစ်ရပ်နဲ့ မြန်မာသတင်း ဓာတ်ပုံ အေဂျင်စီက သတင်းထောက်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ကားနဲ့ဝင်တိုက်လို့ သတင်းထောက် မှူးရတနာခက်မို့မို့ထွန်း ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ထောင်ချရာမှာ ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်တယ်လို့ သတင်းသမားကာကွယ်ရေးကော်မတီ (CPJ) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါကြောင့် နိုဝင်ဘာ ၂ရက်နေ့မှာ ကျရောက်တဲ့ သတင်းသမားများအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု‌များအတွက် အပြစ်ပေး အ‌ရေး ယူခံမှု ကင်းလွတ်မှု အဆုံးသတ်ရေး နိုင်ငံတကာနေ့ ( International Day to End Impunity for Crimes against Journalists) မှာ BNI မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က ထုတ်ပြန်ချက်မှာ အခုလို ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ရာဇဝတ်သမားတွေလို ဆက်ဆံခံနေရတယ်။ ဒါဟာ စစ်ကောင်စီ ကိုယ်တိုင်ကိုက ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်။ အဲဒီအတွက် အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံတကာမြန်မာ့သတင်း (BNI) ကို မတူညီတဲ့တိုင်းရင်းသားအခြေစိုက်နဲ့ နယ်မြေအခြေစိုက် သတင်းဌာန ၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button