စစ်ပြေးဒုက္ခသည်များ

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေတာကြောင့် အင်းတော်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ပြည်သူတွေ ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေမကြာခန စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ကျေးရွာပေါင်း ၁၀ က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလကစပြီး ဗန်းမောက်ဘက်ကနေဝင်လာတဲ့ စစ်ကောင်စီရဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ တပ်မ ၈၈ စစ်ကြောင်းဟာ အင်းတော်မြို့အရပ်လေးမျက်နှာမှာရှိတဲ့ မြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဟိုတနေ့ကဆိုရင် နဘားရွာဘက်ကိုထိုးတယ် အဲကနေ ပြန်ဆုတ်သွားပြီးမှ မနေ့ကတော့ ကြံတောနဲ့နားနောင်ရွာဘက် ကိုထပ်ပြီးစစ်ကြောင်းထိုးတယ် ၃နာရီလောက်မှာပြန်ဆုတ်သွားပြီးတော့။ ဒီကနေ့ကတော့ မိုးယူနဲ့အောင်းကုန်းဘက်ကို ထပ်ပြီးစစ်ကြောင်းထိုးသွားတယ်လို့ ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အင်းတော်မြို့နဲ့   မိုင်လောက်မှာရှိတဲ့ ကျေးရွာတွေမှာစစ်ကြောင်းထိုးနေတာဖြစ်ပြီး တစ်ရွာမှာ စစ်ကြောင်း ၂ ကြောင်းဖြန့်ဝင်ရောက်လာမျိုးရှိနေတယ်လို့ သိရပါတယ်။

အင်းတော်ကနေထွက်လာရင်တော့အတူတူထွက်လာတယ် ဥပမာ အင်းတော်တောင်ဘက်ခြမ်းကိုထိုးမယ်ဆိုတူတူလာပြီး တောင်ပိုင်းကရွာတွေနားရောက်မှ အင်အားခွဲပြီး စစ်ကြောင်း ၂ကြောင်းနဲ့တပြိုင်နက်ထဲဝင်တာရွာတွေကို အဝေးကြီး မသွားဘူး အလွန်ဆုံးလေးမိုင်လောက်ထိပဲသွားတယ် ပြီးရင်ပြန်ပြန်ဆုတ်သွားကြတယ်လို့ နောက်ထပ်အမျိုးသားကတစ်ဦးက ထပ်ပြောပါတယ်။

လက်ရှိတပ်မ ၈၈ စစ်ကြောင်းထိုးလာတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေဟာ အင်းတော်အရှေ့ဘက်ခြမ်းက နားနောင်ရွာ၊ ကျော်ရွာ၊ တောင်ဘက်ခြမ်းက မိုးယူရွာ၊လယ်ပြင်ရွာ  ဆိပ်သာရွာနဲ့အနီးဝန်းကျင်ရွာတွေအပါအဝင် အနောက်ဘက်ခြမ်းက အင်းရွာရွာ၊အုန်းခြံရွာအနီးဝန်းကျင်ရွာတွေနဲ့မြောက်က နဘားကျေးရွာတွေ ဖြစ်ပြီး အင်းတော်မြို့နဲ့ လေးမိုင်ဝေးတဲ့ဧရိယာထဲမှာရှိနေတဲ့ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

တစ်ခါတလေကျရင်တစ်ရွာကို ၁ရက် ၂ရက်လောက်နားတယ် တခါတလေကျရင်တော့မနားဘူးမနက်လာရင် ညဘက်ပြန်ထွက်သွားတယ်အိမ်တွေဝင်မွှေအဲ့လိုလုပ်နေတာ ဒေသခံတွေကသူတို့နဲ့တိုးလို့မရဘူးအတွေ့ခံလို့မရဘူး တွေ့ရင်တော့သတ်ပစ်ရင်သတ်မသတ်ရင်ဖမ်းပါ့ အဲ့ဆိုတော့အားလုံးကပြေးနေရတာလို့ အောင်းကုန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၃ မတ်လကနေစပြီး နန့်သာကျေးရွာမှာစစ်တပ်ကအထိုင်ချ တပ်စွဲနေထိုင်လာတာကြောင့် နန့်သာရွာအပါအဝင် မော်တိတ်ဒေသမှာာရှိတဲ့ ကျေးရွာပေါင်း ၁၂ ရွာက ပြည်သူ ၇၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

အင်းတော်မြို့နယ်ဟာ စစ်ကိုင်းကချင်အစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီးတော့ စစ်ရေးအရအချက်အချာကျတဲ့နေရာဖြစ်တဲ့အပြင် စစ်တပ်က စစ်အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်ခံနေရတဲ့မြို့နယ်လည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button