သတင်း

စစ်မီးဝိုင်းနေတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်တစ်ခုလုံး အင်တာနက်ဖြတ်တောက်ထား

ကချင်စစ်ကိုင်းအစပ်မှာ စစ်ရေးအရှိန်မြင့်လာတဲ့အပြင် မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်က အခိုင်အမာတပ်စခန်းတစ်ခုပြီးတစ်ခု လက်လွတ်လာနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်တစ်နယ်လုံးကို ဖုန်းအင်တာနက်ဖြတ်တောက်ထားတာ ခုဆိုရင် တစ်ပတ်ရှိလာပြီ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်အကြာ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ကနေ စတင်ခဲ့တဲ့ ရှမ်းမြောက် ညီနောင်မဟာမိတ် အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ၃ ရက်မြောက်နေ့မှာဘဲ ကချင်ပြည်နယ် မြစ်ကြီးနားဗန်းမော်လမ်းမကို ထိန်းချုပ်ထားတဲ့ စစ်တပ်ရဲ့ ဆယ်စုနှစ်တစ်စုကြာ ကန်တော်ယန် (Gangdau Yang) တပ်စခန်းကို  KIA-PDF တပ်တွေက နာရီပိုင်းအတွင်းမှာဘဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

ကန်တော်ယန်စခန်းဟာ ကတုတ်ကျင်း၊ ဘန်ကာတွေနဲ့ နှစ်ပေါင်းမြောက်များစွာ အခိုင်အမာအထိုင်ချထားတဲ့ စခန်းဖြစ်တာကြောင့် စခန်းသိမ်းတိုက်ပွဲကို နာရီပိုင်းအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့သတင်းဟာ သတင်းစထွက်လာချင်း ကနဦးမှာတော့ ပြည်သူတစ်ချို့ကြားမှာ မယုံသင်္ကာမှုတွေ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် အဖက်ဖက်ကနေ စစ်မီးဝိုင်းလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓါတ်ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့အတွက် စခန်းတွင်းပြင်ဆင်မှုအားနည်းပြီး အလစ်ငိုက်တိုက်ခိုက်ခံလိုက်ရပြီး အချိန်တိုအတွင်းမှာဘဲ KIA-PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ကန်တော်ယန် စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့စစ်လက်နက်ရိက္ခာပစ္စည်းတွေကို ခဲယမ်း ကားဘီးပေါက်မတက် သယ်ယူလိုက်ရအပြင် တိုက်ပွဲမှာစစ်တပ်ဘက်က  အရာရှိ တပ်သား အများအပြားလည်းသေဆုံးပြီး စစ်သုံ့ပန်းတစ်ချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်က သီးခံနိုင်စွမ်းကုန်ဆုံးပြီး လိုအပ်သလိုပြန်ပြီးတုံ့ပြန်သွားမယ် ဆိုပြီး စစ်တပ်ရုပ်သံနဲ့ စစ်တပ်ပိုင် သတင်းစာတွေကနေ ၃ ရက်တိတိ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် တစ်ချိန်တည်း KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကိုလည်း လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အပြင် လိုင်ဇာမြို့အနီးမှာရှိတဲ့ ခရာဘွမ်၊ ဘွမ်ရေဘွမ်ကနေ နေ့ည လက်နက်ကြီး ပစ်ခတ်တာအပြင်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ ၃၂၁ တပ်ကနေလည်း နမ်ဆန်ယန်၊ အောင်ဂျာဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတာပါ။

တစ်ချိန်တည်းမှာပဲ စစ်ကိုင်းနဲ့ အိန္ဒိယနယ်စပ်မှာရှိတဲ့ ခါမ်းပါတ်မြို့ကို KIA-PDF ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၃ ရက်နေ့မှ ထပ်ပြီး သိမ်းလိုက်တဲ့အပြင် နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ ကောလင်းမြို့နယ်ကိုလည်း တိုက်ခိုက်သိမ်း ပိုက်လိုက်ပါတယ်။

အလားတူ နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ နမ်ဆန်ယန်၊ အောင်ဂျာဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတဲ့ ရွှေညောင်ပင်ရွာနားက ခမရ ၃၂၁ စခန်းကို KIA-PDF တွေ ဒရုန်းနဲ့ ၁၀ ကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။

အဲဒီနေ့ကတည်းကနေ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်းအင်တာနက်လိုင်း ပြတ်တောက်သွားတာဖြစ်တယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ကျနော် သေသေချာချာသတိထားမိတယ် အဲဒီ ရွှေညောင်ပင်ပစ်ခံရတဲ့နေ့စပြတ်သွားတာ ခုထိဘဲ အဲဒါတောင် ခုတယ်လီနောတစ်ခုတည်းက ဖုန်းအင်တာနက်လိုင်းက တက်လိုက် ဆင်းလိုက်နဲ့ ဘာမှကိုကြည့်မရဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက KIA ဌာနချုပ်ကို ပိတ်ဆို့ဖို့ စစ်ကောင်စီတပ်က စစ်ဆင်ရေးလုပ်ဆောင်လာရာကနေ ၄ လအကြာ အောက်တိုဘာလမှာတော့ နမ်ဆန်ကျေးရွာအနီးက အောင်ဂျာစခန်းတွေကိုပါ KIA က သိမ်းပိုက်လိုက်တာပါ။

  အဖက်ဖက်ကနေ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းကာကွယ်ရေးတပ်တွေရဲ့ ရေသောက်မြစ်လို့ ခံယူထားတဲ့ KIO/KIA ကို တန်ပြန်တိုက်ခိုက်ဖို့ နဲ့ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာဘက်ကို စစ်ဆင်ရေးပြန်စဖို့ ပထမခြေလှမ်းအနေနဲ့ အင်တာနက်ဖြတ်တောက်လာတာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုသူ ကချင်နိုင်ငံရေးသုံးသပ်လေ့လာသူ တစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံး အင်တာနက်လိုင်းဖြတ်တောက်လာတာ ဒါပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။ အဓိကတော့ စစ်ကိုင်းက ကာကွယ်ရေးတပ်တွေကို နောက်ကနေချုပ်ကိုင်နေတာ KIA ဖြစ်တယ်။ ပြီးတော့ ရှမ်းမြောက်တိုက်ပွဲမှာလည်း ပါဝင်နေတယ်ဆိုပြီး စစ်တပ်ကခနန ပြောနေတာရှိတယ်။ ဒါတွေကြောင့်လည်း KIA ရှိတဲ့ ကချင်ဘက်ကို စစ်ဆင်ရေးပထခြေလှမ်းအနေနဲ့ သတင်းစီးဆင်းမှုအရင် ဖြတ်တောက်လာတာ ဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်

စစ်ကောင်စီတပ်ဟာ အရင်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ် ဇွန်လမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တစ်ခုမှာ အင်တာနက်ဖြတ်တောက်မူများ ပြုလုပ်ခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် AA ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

အလားတူ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် နယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမြို့နယ်တွေမှာ စစ်ဆင်ရေးအရှိန် တိုးမြင့်လာတာနဲ့အမျှ စစ်တပ်က စစ်ဆင်ရေးပြုလုပ်မယ့် နယ်မြေတွေမှာ အင်တာနက်ကြိုဖြတ်လိုက်တာပါ။

ဒါကြောင့် ကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေကလည်း စစ်တပ်ကအခုလို အင်တာနက်ဖြတ်တောက်လိုက်တာဟာ ကချင်ပြည်နယ်တွင်း တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ခုဒီရက်ပိုင်းအင်တာနက်လိုင်းတွေလည်း ပြတ်နေတော့ စိုးရိမ်တာတော့ရှိတယ် ဒီရက်ပိုင်းက မပခ ဘက်မှာလည်း စစ်တပ်က သတိပေးနေတာရှိတယ်။ အဲဘက်က ကျောင်းတွေပိတ်မယ်လို့လည်း အသံတွေထွက်နေတယ်။ မြို့သိမ်းတိုက်ပွဲဖြစ်လာမလား စိုးရိမ်တာတော့ ရှိတယ်။ ဒါပေမယ့် တိုက်ရင်လည်းအမြန်တိုက်ကြ ပြီးမှအေးမယ်” လို့ မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ညကစပြီး မြစ်ကြီးနားမြို့ အပါအဝင် ကချင် မြို့နယ် ၁၈ ခုမှာ MPT  Oredoo Mytel စတဲ့ ဆင်းကဒ်တွေဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ လုံးဝပြတ်တောက်သွားပြီး တယ်လီနောဆင်းကဒ်တစ်ခုသာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အနည်းငယ်အဆင်ပြေနေခဲ့တယ်လို့ ဒေသခံအသီးသီးက ပြောဆိုကြပါတယ်။

ကျနော်တို့ ဖားကန့်မှာလည်း ဘာလိုင်းမှမရဘူး တစ်ခါတစ်လေ တယ်လီနောနည်းနည်းမိတယ် အဲလောက်ဘဲ ဖားကန့်မှာ အင်တာနက်လိုင်းရတာမကြာသေးဘူး ခုပြန်ပြတ်ကုန်ပြီ လို့ ဖားကန့်မြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးကလည်း ပြောပါတယ်။

အင်တာနက်ပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ဆားဗစ်စင်တာ (Service Center) ကို ဖုန်းဆက်သွယ် မေးမြန်းခဲ့ပေမယ့် တိကျတဲ့အဖြေ ပြန်လည်ဖြေကြားခဲ့တာ မရှိခဲ့ပါဘူး။

ခေတ်မီ တိုးတက်လာသည့်နှင့်အမျှ လူတွေဟာ နေ့စဉ်သတင်းအချက်အလက်များ သိရှိနိုင်ဖို့နဲ့ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ဗဟုသုတရှာဖွေရန်အတွက် အင်တာနက်ကို ပိုမိုအသုံးပြုလာနေကြသလို နိုင်ငံရေးအကြပ်အတည်းနဲ့ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်လူထုအတွက် အင်တာနက်လိုင်းဟာ မရှိမဖြစ် လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ကိန်းဂဏန်းတွေအရ၊ မြန်မာနိုင်ငံလူဦးရေထက်ဝက်နီးပါး ၂၃ ဒသမ ၆၅ သန်းဟာ အင်တာနက်သုံးစွဲသူတွေ ဖြစ်တယ်လို့ DataReportal ဝက်ဘ်ဆိုက်ကလည်း ဖော်ပြထားပါတယ်။

ဒါပေမယ့် လက်ရှိချိန်မှာတော့ စစ်တပ်က အင်တာနက်လိုင်းဖြတ်တောက်ထားတာကြောင့် သတင်းစီးဆင်မှုမရှိတော့တဲ့အတွက် လုံခြုံရေး စိုးရိမ်ရတာတွေ ရှိနေတယ်လို့ နမ်ဆန်ယန်တိုက်ပွဲကြောင့် ဝိုင်းမော်မြို့ပေါ်ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဝိုင်းမော်ဆိုရင် နမ်ဆန်ယန်ဘက်သွားတဲ့လမ်းမှာရှိတာပေါ့နော် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားလာတာတို့ ဘာတို့တွေ့ရင် လိုင်းကနေအချင်းချင်း သတင်းပေးပြီး ရှောင်သင့်ရင် ရှောင်လို့ရတယ်။ ကျမတို့ကအစကတည်းကနေ စစ်ရှောင်ဆိုတော့ ကြောက်စိတ်နဲ့နေနေတာ လိုင်းလေးဘာလေးရရင်တော့ အချင်းချင်းပြောပြလို့ရတယ်လေ။ ဖုန်းကနေဆို တစ်ယောက်ချင်း ဆက်ပြောနေလို့လည်း အဆင်မပြေဘူးလေ။ ခုအင်တာနက်လိုင်းမရတော့ ဘယ်မှာဘာဖြစ်သွားပြီလဲ မသိရဘူး ဘာသတင်းမှလည်း ကြည့်မရဘူး အဝိုင်းဘဲလည်နေတာ လို့ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံနေရာအနှံ့ စစ်တပ် နဲ့ KIA တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ရှမ်းမြောက်မှာစတင်တဲ့ ၁၀၂၇ နဲ့ ကရင်နီမှာစတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးတွေအပြင် တဆက်တည်း ရခိုင် နဲ့ ချင်းပြည်နယ်မှာလည်း စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံနေရတာပါ။

တစ်နိုင်ငံလုံးအတိုင်းတာနဲ့ နေရာအနှံ့တိုက်ပွဲပြင်းထန်နေပေမယ့် ကချင်ပြည်နယ်ကလွှဲလို့ ကျန်တဲ့ပြည်နယ်တွေမှာတော့ ဖုန်း အင်တာနက်လိုင်း ပုံမှန်အသုံးပြုလို့ရနေတာဖြစ်ပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်ထဲမှာရှိတဲ့ ပြည်သူတွေကတော့ စစ်တပ်ဟာ ကချင်ပြည်နယ်တစ်ခုတည်းကို ကွက်ပြီး အင်တာနက်လိုင်းဖြတ်တောက်ခံရတာဟာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြီးနေတဲ့အပြင် ရှေ့ဆက်လည်း လူ့အခွင့်အရေးချိုးဖောက်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သတင်းစီးဆင်းမှုရပ်တန့်အောင်လုပ်နေတာဖြစ်တယ်လို့လည်း ပြည်သူတွေက ဆိုကြပါတယ်။

သတင်းအချက်အလက်ရယူခွင့်နှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ သတင်းအချက်လက်များကို အင်တာနက်ပေါ်တွင် သတင်းရယူခြင်း သို့မဟုတ် ဖြန့်ဝေခြင်းအား ရည်ရွယ်ချက်ရှိရှိ တားဆီးရန် (သို့မဟုတ်) အနှောင့်အယှက်ပေးတဲ့အစီအမံများဟာ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်စေတာကြောင့် ခြွင်းချက်မရှိ ပြစ်တင်ရူတ်ချသည်သာမက နိုင်ငံအားလုံးကို ယင်းကဲ့သို့သော အစီအမံများကို ရှောင်ကြဉ်ကြရန်နဲ့ ရပ်တန့်ကြရန် တိုက်တွန်းထားပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button