ကောလင်းမြို့ကို KIA,PDF တွေထိန်းချုပ်ထားဆဲဖြစ်ပြီး ပြည်သူတစ်ချို့မြို့ထဲပြန်ဝင်နိုင်နေပြီလို့ဆို

စစ်ကိုင်း – ကချင်အစပ်က ကောလင်းမြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ကောလင်းမြို့ထဲ အရပ်သားတွေပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်သလို ဈေးဆိုင်တွေလည်းပြန်လည်ဖွင့်လှစ်လည်ပတ်နေပြီလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ကောလင်းမြို့အတွင်း ပြည်သူတွေပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှုင်းရေးအဖွဲ့က မနေ့ကပဲ ထုတ်ပြန် ထားပါတယ်။
“ကောလင်းမြို့ပေါ်ကတော့ ကျနော်တို့တွေ ထိန်းထားနိုင်ဆဲပါ မြို့ထဲမှာလည်း ပြည်သူတွေတစ်ချို့ တစ်ဝက်ပြန်လည်နေထိုင်နေပါပြီ မနက်ပိုင်းဆိုလည်းဈေးတွေဘာတွေဖွင့် ကုန်စုံဆိုင်တွေ၊စတိုးဆိုင် တွေ စားသောက်ဆိုင်နဲ့ ဆေးဝါးဆိုင်၊ စက်သုံးဆီဆိုင်တွေလည်း သူ့ဟာသူ ဖွင့်နေနိုင်ပါပြီ” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
မြို့တွင်းမှာ ပြည်သူတွေပုံမှန်အခြေနေနဲ့ ပြန်လည် လည်ပတ်နေနိုင်တာမျိုးမဟုတ်ပေမဲ့ ပြည်သူတွေ သွားလာလှုပ်ရှားနိုင်တဲ့အခြေနေကိုရောက်ရှိနေပြီလို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဘက်ကတော့ ကောလင်းမြို့ကို ပြန်ရဖို့ ဝန်းသို နဲ့ ကန့်ဘလူ ဘက်ကနေ စစ်ကြောင်းထိုးတာတွေလုပ်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။
“ကောလင်းမြို့ရဲ့ ဝန်းသိုဘက်ခြမ်းမှာရှိတဲ့ ၃ မိုင်လောက်အကွာမှာတော့ စစ်ကောင်စီရဲ့စစ်ကြောင်း တော့ရှိနေတယ် အဲ့တာကိုတော့ ကျနော်တို့ဘက်က ကာကွယ်ထားပါတယ် လေကြောင်းတိုက်ခိုက်မှု တွေကတော့ တစ်နေ့တစ်ကြိမ်လာလုပ်နေတဲ့သဘောတော့ရှိပါတယ်”လို့ပြောပါတယ်။
ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ၆ ရက်နေ့က ခရိုင်ကွပ်ကဲရေး အစီအစဥ်နဲ့ KIA၊ PDF တို့က သိမ်းပိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၈ ရက်နေ့မှာတော့ ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့နဲ့ ခါမ်းပါတ်မြို့ကို KIA၊ PDF တို့က သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်း ထီးချိုင့်မြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး ကချင်ပြည်နယ်မှာလည်း အင်တာနက်လိုင်းတွေပြတ်တောက်နေသလို ဖုန်းလိုင်းပြတ်တာတွေလည်းရှိနေပါတယ်။
By – Zaw Zaw