သတင်း

ဒေါ့ဖုန်းယန်မှာ ဒေသခံတောင်သူတွေရဲ့ စပါးတွေကို စစ်ကောင်စီတပ် အတင်းအဓမ္မဝယ်ယူစုဆောင်းနေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ ရိက္ခာပြတ်လပ်လာတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေါ့ဖုန်းယန်ဒေသခံတောင်သူတွေဆီကနေ ရိတ်သိမ်းပြီး ရာသီပေါ် စက်ခြွေစပါးတွေကို တင်းထောင်ချီ ဝယ်ယူစုဆောင်းနေတယ်လို့ သိရပါတယ်။

ဒေါ့ဖုန်းယန်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်ဖွဲ့တွေက နိုဝင်ဘာလကုန်ပိုင်းလောက်ကနေ ဗန်းမော်ဘက်ကို ဆန်ကြိတ်ရောင်းချဖို့ တင်ပို့တဲ့ ဒေသခံတောင်သူတွေရဲ့ လယ်စပါးတွေကို ကားလမ်းနေရာတွေမှာ တားမြစ်ပြီးတော့ မရောင်းပေးမနေရ အတင်းအဓမ္မဝယ်ယူတာတွေလုပ်ဆောင်နေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

တစ်ပတ်ကျော်လောက်ရှိလာပြီ ဒီကနေ ဗန်းမော်ဘက်ကို ဆန်ကြိတ်ပြီးပြန်ရောင်းဖို့ တင်သွားတဲ့ စပါးတင်တဲ့ ကားတွေကို သူတို့တားပြီးတော့ ဝယ်ယူနေကြတယ်။ သူတို့က ဗန်းမော်ဘက်မှာ ပေါက်တဲ့ စျေးနဲ့ကို ပေးဝယ်တယ်လို့ ပြောတယ်။ စစ်သားတွေက ဟိုပြော ဒီပြောနဲ့ ဝယ်ယူကြတော့ ပြည်သူတွေကလည်း အပင်ပန်းမခံတော့ဘူးလေ။ အဲ့လိုနဲ့ ဝယ်ယူနေကြတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဗန်းမော်ဘက်ကို တင်ပို့ရောင်းချဖို့ တင်ဆောင်လာတဲ့ စက်ခြွေစပါးတွေကို ဖာဂီကျေးရွာနဲ့ ပန်ကောင်းမှူး ကားလမ်းမပေါ်တွေမှာ တားမြစ်ပြီးတော့ ဒေသခံတွေသူတွေဆီကနေ မရမက ဝယ်ယူစုဆောင်းနေတာဖြစ်တယ်လို့ ပြောပြပါတယ်။

ဒေသခံတောင်သူတွေဆီကနေ ဝယ်ယူစုဆောင်းထားတဲ့ စက်ခြွေစပါးတွေကို ပန်းကောင်းမှူးရွာမှာရှိတဲ့ စာသင်ကျောင်းဝင်းထဲမှာ စစ်အင်အား ၅၀ ဝန်းကျင်လောက်နဲ့  ဒေသခံပြည်သူတွေအကာအကွယ်ယူပြီး တပ်ချနေထိုင်ထားပြီးတော့ တစ်ပတ်အတွင်းမှာတင် စပါးတင်းထောင်ချီ ဝယ်ယူစုဆောင်းထားတာဖြစ်တယ်လို့ ဒေါ့ဖုန်းယန်ဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။

စစ်သားတွေက ပန်ကောင်းမှူးစာသင်ကျောင်းဝင်းထဲမှာ ပြည်သူတွေအကာကွယ်ယူပြီးတော့ နေကြတာဟုတ်တယ်။ မြစ်ကြီးနား ဗန်းမော်ဘက်ကနေ ဟတ်စကီလာရင်လည်း အဲဒီပန်ကောင်းမှူးမှာပဲ ဆင်းတာဟုတ်တယ်။ သူတို့ရဲ့ တပ်ရှိတဲ့ ဘက်ကို မဆင်းရဲကြဘူး။ အဲ့လိုပဲ စပါးတွေဝယ်ပြီးတော့ အဲ့နေရာမှာပဲ နေလှန်းကြိတ်တွေ လုပ်နေကြတယ် လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပန်ကောင်းမှူး စာသင်းကျောင်းဝင်းထဲမှာ လုံခြုံရေးခေါင်းစဉ်တပ်ပြီး ကျောင်းဝင်းအနီးရှိသော အဆောက်အဦးနေရာတွေမှာ လာရောက်တပ်စွဲနေထိုင်ထားတာ ၆ လလောက်ကြာမြင့်လာပြီဖြစ်တယ် လို့လည်းသိရပါတယ်။

ဒေသခံတွေဆီကနေ ဝယ်ယူစုဆောင်းထားတဲ့ စက်ခြွေစပါးတွေကို ဖာဂီရွာမှာ ဆန်ကြိတ်ယူပြီးတော့ ဒေါ့ဖုန်းယန် စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်ရင်းထဲ ထပ်မံသယ်ယူနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဗန်းမော်ဘက်ကို တင်ပို့တဲ့ စပါးတွေကိုသာ ဝယ်ယူစုဆောင်းတာတင်မဟုတ်ဘဲ ပန်ကောင်းမှူးရွာနဲ့ အနီးတဝိုက်မှာရှိတဲ့ ဆားကျွန်း၊ မိုင်ဟွတ်၊ တိမ်းဖျား၊ လုံဂျာကောင်၊ ဒါဆိုင်၊ တိမ်လုံ၊ နမ်ဝိုင်နဲ့ ဖာဂီ စတဲ့ ကျေးရွာ ၁၀ ခုကျော်လောက် က ဒေသခံတောင်သူတွေ ဆီကနေ လယ်ကွင်းအထိသွားရောက်ပြီးတော့ ဝယ်စုဆောင်းနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံတောင်သူတွေဆီကနေ ဗန်းမော်မှာ လက်ရှိပေါက်စျေးဖြစ်တဲ့ စပါးတစ်တင်းကို တစ်သောင်း ၈ ထောင် နှုန်းနဲ့ ဝယ်ယူနေပြီး ဆန်တစ်အိတ်ကို ၉ သောင်းဝန်းကျင်နဲ့ ဝယ်ယူပေးနေတယ်လို့လည်း သိရပါတယ်။

အခုလို ဒေ့ါဖုန်းယန်မှာ စစ်ကောင်စီတပ်က စက်ခြွေစပါးတွေကို မရမက အတင်းလိုက်လံဝယ်စုဆောင်းတာတွေ လုပ်ဆောင်နေတာဟာ ဒေါ့ဖုန်းယန်မြို့နယ်အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ကြုံလာရတာကြောင့် ဖြစ်တယ်လို့ နောက်ထပ် ဒေါ့ဖုန်းယန်ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

အောက်ပိုင်းဘက်ကနေ သူတို့ရဲ့ စားနပ်ရိက္ခာတွေ မဝင်တော့တာဖြစ်တဲ့အတွက် သူတို့ရရာ လမ်းကနေ လုပ်လာတယ်လို့ပဲမြင်ပါတယ်။ သူတို့အခြေအနေကိုကြည့်ရင် ဒေါ့ဖုန်းယန် လမ်းကြောင်းအထက်တွေမှာရှိတဲ့ တပ်စခန်းတွေမှာ ရိက္ခာတွေ ပြတ်လာတာကိုလည်းတွေ့ရတယ်။ ဒါကြောင့် အဲဒီတပ်စခန်းတွေအတွက် ဖြစ်တယ်လို့မြင်ပါတယ်။ သူတို့အရမ်းခက်လာလို့လုပ်လာတာလို့ပြောပါတယ်။

ပြီးခဲ့ဇူလိုင်လလောက်ကနေ နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်ပိုင်း မြစ်ကြီးနားဗန်းမော်လမ်းပိုင်းကို ပိတ်ဆို့ထားတာ ၆ လလောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးဘက်နေ ကုန်းလမ်းရေကြောင်းလမ်းနဲ့ တင်ပို့လာတဲ့ စစ်ကောင်စီရဲ့ စစ်ရိက္ခာတင်ယာဉ်တန်းတွေကို KIA က ပိတ်ဆို့တိုက်ခိုက်တာတွေရှိနေတာကြောင့် အောက်ပိုင်းဘက်ကနေ ဆန်အပါအဝင် စစ်ရိက္ခာတွေတင်ဆောင်လို့မရဘဲ ပိတ်ဆို့ခံနေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေါ့ဖုန်ယန်အထက်မှာရှိတဲ့ ခယာ၊ ဖွန်းပရန်ဘွမ် နဲ့ နမ်ဆန်ယန် အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ ဆန်တွေကို ခွဲဝေပို့ပေးဖို့ရန်အတွက် အခုလို ဒေါ့ဖုန်ယန်ဒေသခံတွေဆီကနေ အတင်းအဓမ္မဝယ်ယူစုဆောင်းနေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဒေါ့ဖုန်းယန် စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်ရင်းက အရာတစ်ချို့က ဒေါ့ဖုန်ယန်က ကျေးရွာတာဝန်တစ်ချို့ကို ခေါ်ယူပြီးတော့ ဆန်အိတ် ၁၅၀ စုဆောင်းပေးဖို့ ပြောဆိုခဲ့တာတွေရှိခဲ့ပေမယ့် ရွာတစ်ချို့ရဲ့ ကန့်ကွက်မှုကြောင့် စစ်ကောင်စီတပ်သားတွေကိုယ် ဒေသခံတောင်သူတွေဆီကနေ ဝယ်ယူစုဆောင်းနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို စစ်ကောင်စီဘက်ကနေ ဒေသခံတောင်သူတွေရဲ့ စက်ခြွေစပါးတွေကို ဝယ်ယူစုဆောင်းတာတွေ အရင်က မရှိခဲ့ပေမယ့် လက်ရှိမှာ မရောင်းမပေးမနေရ စပါးတင်ကားတွေကို တားမြစ်ဝယ်ယူတာတွေ၊ လယ်ကွင်းအထိ သွားရောက်ဝယ်ယူတာလုပ်ဆောင်နေတာကြောင့် ဒေသခံတောင်သူတစ်ချို့ဟာ မရောင်းပေးချင်ပေမယ့် ရောင်းပေးနေရတဲ့သူတွေလည်း ရှိနေကြတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်းမှာပဲ မန္တလေးဘက်ကနေ ရေကြောင်းလမ်းနဲ့ ဗန်းမော်ကနေတဆင့် တင်ဆောင်ထားတဲ့ စစ်ကောင်စီရဲ့ စစ်ရိက္ခာတင်ယာဉ်တန်း ၃၀ လောက်ဟာ ၃ လလောက်ကြာမြင့်လာပေမယ့် တိုက်ပွဲဒေသဖြစ်နေတဲ့ နမ်ဆန်ယန်ဘက်ကို ထွက်ခွာလို့မရဘဲ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲမှာ သောင်တင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button