သတင်း

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အတွင်းမှာ အရပ်သားပြည်သူ ၅၀၀ ကျော်သေဆုံးဟုဆို

ခုခံတော်လှန်ရေးကာလ နှစ်နှစ်ကျော် ကြာလာတာနဲ့အမျှ အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာပြီး  အရပ်သားပြည်သူ သေဆုံးသူ ၅၀၀ ကျော်အထိရှိခဲ့တယ်လို့  နိုင်ငံတကာမြန်မာ့သတင်း BNI-Myanmar Peace Monitor က ဒီဇင်ဘာလ ၁၆ ရက် (ဒီကနေ့) မှာ အစီရင်ခံစာနဲ့ ပြောဆိုလိုက်ပါတယ်။

လေ့လာတွေ့ရှိချက်အရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ နိုဝင်ဘာလ ၇ ရက်နေ့ အထိ အရပ်သားပြည်သူ သေဆုံးမှုပေါင်း ၅၆၆ ယောက်ထိ ရှိခဲ့ ပြီး၊ ဗုံးကြဲတိုက်ခိုက်ခံရမှုကို ရက်အားဖြင့်ကြည့်လျှင် ၂၀၂၁ ခုနှစ်မှာ ၄၆ ရက်၊ ၂၀၂၂ ခုနှစ် မှာကတော့ ၁၈၇ ရက်နဲ့  ၂၀၂၃ အတွင်း ဇန်နဝါရီကနေ နိုဝင်ဘာ ၇ ရက်အထိ ကတော့ ၃၅၅ ရက်ထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်တွေအနေနဲ့ ကြည်မယ်ဆိုရင် အထူးခြားဆုံးကတော့ စစ်ကိုင်း ဟုမ္မလင်းပေါ့ ဒီရဲကင်းစခန်းလေးခုကို တော်လှန်ရေးအင်အားစု သိမ်းပိုက်လိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြီးကြီးမားမားကျူးလွန်တာတွေကိုတွေ့ရတယ် နောက်ပြီး မင်းကင်း မြို့နယ်ထဲက  တောင်တွင်းဒေသက စစ်ကောင်စီတပ်စခန်းတွေ သိမ်းတဲ့ ဖြစ်စဉ်တွေ့ပေါ့နော“ လို့ BNI-MPM အဖွဲ့တာဝန်ခံ ကိုနှင်းကိုဦး က ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုအများဆုံးမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ကရင်ပြည်နယ် ကတော့ ဒုတိယနေရာအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကချင်နဲ့ ချင်းပြည်နယ်တို့ ကလည်း လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးထဲမှာ ပါဝင်နေပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းပစ်မှတ်ထဲမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ERO တွေက ၃၈ ဒသမ ၆ ရာခိုင်နှုန်း၊ အရပ်သားပြည်သူတွေကတော့ ၃၅ ဒသမ ၂ ရာခိုင်နှုန်း နဲ့ တတိယ ပစ်မှတ်ကတော့ ၂၆ ရာခိုင်နှုန်းနဲ့ PDF/LDFတွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးဖို့ ၂၀၂၂ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသား တပ်ဦး (CNF)တို့က  မြန်မာနိုင်ငံအတွင်းမှာ စစ်ရေးအရ လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပေးဖို့ အာဆီယံ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့  လေကြောင်းတိုက်ခိုက်မှုကြောင့်  ၅ ဦးနဲ့ အထက် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ် ၂၃ ခုအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ  စစ်ကောင်စီရဲ့ ဆိုးယုတ်မှုကို ပိုမို ထင်ရှားစေခဲ့တဲ့ သေကြေမှုအများဆုံး ဖြစ်စဉ်တွေကတော့ ပဇီကြီးဖြစ်စဉ်၊ အနန့်ပါဖြစ်စဉ်၊ လက်ယက်ကုန်းဖြစ်စဉ်နဲ့ မုန်လိုင်ခက်ဖြစ်စဉ်တွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၈ ဦးထိ ရှိခဲ့ပြီး  အဲထဲမှာ ၅နှစ်အောက်ကလေး ၆ ဦး၊ ၅နှစ်ကနေ ၁၄နှစ်အကြားကလေး ၁၉ဦး၊ အသက် ၁၄နှစ်ကနေ ၁၈ နှစ်အကြား ကလေး ၅ဦး၊ အသက်အရွယ်မခွဲခြားနိုင်တဲ့ ကလေး ၁၀ဦး၊ အသက်၁၈နှစ်အထက် လူကြီး ၉၇ဦးနဲ့ အသက်မခွဲခြားနိုင်တဲ့ လူကြီး ၃၁ဦး ပါဝင်ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၂၂ အောက်တိုဘာ ၂၃ရက်၊ ည ၉ နာရီ ဝန်းကျင် ကချင်ပြည်နယ် ဖားကန့်မြို့ အနန့်ပါမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ် ဗုံးကျဲတိုက်ခိုက်မှုမှာတော့  သေဆုံးသူ ၆၆ ဦးထိ ရှိခဲ့ ပြီး လူရာကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂ စက်တင်ဘာ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ စာသင်ကျောင်းကို စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၆ ဦးသေဆုံးခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီဝန်းကျင် ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၁ ဦး၊ အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား ၃ ဦး အပါအဝင် စုစုပေါင်း အရပ်သားပြည်သူ (၂၉) ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၇ဦးထိ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒယနဲ့ ထိုင်းနိုင်ငံတို့ကနေ  အမေရိကန် ၁ဘီလီယံထက် မနည်းသော စစ်လက်နက်တွေ ဝယ်ယူခဲ့တယ်လို့ အစီရင်ခံစာအရသိရှိရပြီး  Fight Global က ထုတ်ပြန်တဲ့ ကမ္ဘာ့လေကြောင်း အင်အားအစီရင်ခံစာအရ စစ်အာဏာသိမ်းစစ်တပ်က အဆင့်မြင့် တိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ Su-30 () စီး ၊ JF-17 (စီး နဲ့ K-8 အမျိုးအစားလေ့ကျင့် တိုက်ခိုက်ရေးလေယာဉ် အစီး ၅၀ ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါအပြင် ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်က ကုလသမ္မဂလူအခွင့်အရေးကောင်စီမှာတင်သွင်းတဲ့  ဒေါ်လာဘီလီယံချီတဲ့ သေမင်းတမန် လက်နက်ကုန်သွယ်မှုဆိုတဲ့ အစီရင်ခံစာမှာ စစ်ကောင်စီက ရုရှားနိုင်ငံကနေ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်၊ MIG-39  ဂျက်လေယာဉ်၊ YAK-130 တိုက်ခိုက်ရေးလေယာဉ်နဲ့ တရုတ်နိုင်ငံဘက်ကတော့ K-8 တိုက်ခိုက်ရေးဂျက်လေယာဉ်တွေကို ဝယ်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ အမေရိကန်အစိုးရ ဘဏ္ဌာရေးဌာန ရဲ့ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး (OFAC) ကနေပြီးတော့ မြန်မာ စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဘဏ္ဌာရေးဝန်ဆောင်မှုတွေ မပေးဖို့ ပိတ်ဆို့အရေးယူလိုက်ပါတယ်။

ပိတ်ဆို့ အရေးယူတဲ့မှာ ဗြိတိန် နဲ့ ကနေဒါတို့ပါဝင်ပြီး စစ်အုပ်စုနဲ့ ဆက်စပ်ပြီးရှရှားနဲ့ တခြားနိုင်ငံတွေက နေ စစ်ကောင်စီကို လက်နက်ရောင်းဝယ်တဲ့ နေရာမှာ ကူညီပေးနေတဲ့ လူပုဂ္ဂိုလ် ၅ ဦးကိုလည်း ပိတ်ဆို့အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင်  ၂၀၂၃ စက်တင်ဘာ ၁၁ ရက်နေ့ကနေ အောက်တိုဘာ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၅၄ကြိမ်မြောက် ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်းတဲ့ပ မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာတော့ စစ်အုပ်စုဆီ စစ်လက်နက်တွေ မရောက်ရှိဖို့ တာဆီးပိတ်ပင်ကြရန် ထည့်သွင်းဖော်ပြထားပါတယ်။

ဒါအပြင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(Amnesty International)ကလည်း စစ်ကောင်စီကို လေယာဉ်ဆီတွေသွယ်ဝိုက်ပေးပို့ခြင်း၊ ရောင်းချခြင်း ၊ ကြားခံအဖြစ်လုပ်ဆောင်ခြင်းမလုပ်ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့တောင်းဆိုထားပါတယ်လို့ BNIရဲ့ အစီရင်ခံစာမှာရေးသားဖော်ပြထားပါတယ်။

By – Hope

Show More

Related Articles

Back to top button