သတင်း

အခွန်ကောက်ဂိတ်တွေများလာတဲ့အတွက် စင်ကြိုင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်ကျေးရွာဘက် ကုန်ပစ္စည်းတင်ပို့ရာမှာအခွန်ကောက်ခံတဲ့ ဂိတ်တွေများတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် စင်ကြိုင်စစ်ရှောင် စခန်းမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။

လက်ရှိ ဝိုင်းမော်မြို့ကနေ စင်ကြိုင်ရွာအထိ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်ကောင်စီဂိတ် ဂိတ်ပေါင်း ၁၂ ခုရှိတဲ့ထဲက ၁၃ မိုင် ဂိတ်မှာ အများဆုံးပေးဆောင် နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ခုလို အခွန်ကြေးတွေများပြီး ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတာကြောင့် စစ်ကြိုင်စစ်ရှောင် ပြည်သူတွေအနေနဲ့ စားဝတ်နေရေးမှာ အခက်အခဲတွေကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံက ကိုအခုလိုပြောပါတယ်။

အစားအသောက်နဲ့ ပက်သတ်ပြီး အရမ်းခက်ခဲနေကြတာဟုတ်တယ်၊ ကျွန်တော်တို့က အလုပ်ဆိုရင်လည်း နေ့စားတွေရှိမှ လုပ်ရတာလေ၊ ဝယ်စားဖို့ဆိုရင်လည်း အကုန်လုံးက ဈေးတွေတက်နေတော့ အနိုင်နိုင်ဖြစ်နေရတယ်၊ အကူအညီတွေလည်း သိပ်မရောက်တော့ဘူးလေ” လို့ဆိုပါတယ်။

စင်ကြိုင်ဒေသခံတွေ ပြောဆိုချက်အရ ၁၃ မိုင်ဂိတ်မှာကောက်ခံတဲ့အခွန်ငွေတွေဟာ ၇သိန်း ၈ သိန်း ထိအခွန်တွေ ပေးဆောင်နေရတာဖြစ်ပြီး ကျန်ဂိတ်တွေမှာတော့ သုံးလေးသောင်းဝန်းကျင် ပေးဆောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့က သယ်လာတဲ့ ပစ္စည်းအနည်းအများ ကိုကြည့်ပြီး ကြိုက်သလိုကောက်တာ၊ အဲ့လိုဆိုတော့ ကုန်သယ်ကားတွေလည်း အများကြီးမသယ်ရဲကြတော့ ကျွန်တော်တို့ဆီမှာက ကုန်ဈေးနှုန်းတွေက တက်ပြီလေ လို့ ပြောပါတယ်။

ကုန်ဈေး၊ ဆီဈေးတွေမြင့်တက်နေတဲ့အပြင် တစ်ဖက်မှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေဟာ သွားရေးလာရေးအတွက်လည်း အသက်အန္တရယ်စိုးရိမ်နေကြရသလို စားနပ်ရိက္ခာအတွက်လည်း ပူပန်နေရတယ်လို့  စင်ကြိုင်စစ်ရှောင်စခန်းက အမျိုးသမီးတစ်ယောက် ခုလိုပြောပါတယ်။

နိုင်ငံရေးအခြေအနေတွေက နေရာတိုင်းမှာလည်း ရှုပ်နေတာဆိုတော့ ဒီဘက်မှာလည်း ဘယ်လိုတွေဖြစ်လာနိုင်မလဲဆိုတာ မသိနိုင်ဘူးလေ၊ အဲ့လိုနိုင်ငံရေးတစ်မျိုးဖြစ်နေချိန် အခုက လမ်းခရီးတွေ အဆင်မပြေတော့ အရင်ကလို ဆန်ဝယ်ရတာမလွယ်တော့ဘူး၊ ဘယ်ကနေ ဘယ်လိုရနိုင်မှာလဲ ဆိုတာတွေတွေးပြီး စိတ်ပူပန်နေရတယ်လို့ပြောပါတယ်။

မြစ်ကြီးနားကနေ မိုင် ၇၀ ခန့်ဝေးတဲ့ စစ်ကြိုင်စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၀၀ ကျော် နဲ့လူဦးရေ ၁၁၀၀ ဝန်းကျင်ရှိပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဆဒုံး၊ ဘွမ်တောင် နဲ့ ကဇူး ကျေးရွာဘက်ကနေ ထွက်ပြေးတိမ်း ရှောင်ခဲ့တာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button