သတင်း

ဆယ်စုနှစ်တစ်စုကြာ စစ်ရှောင်စခန်းက အမျိုးသမီးတွေရဲ့ရင်တွင်းစကား

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့စတင်ခဲ့တဲ့ ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲဟာ အခုဆိုရင် ၁၂ နှစ်ကျော်လာပြီးဖြစ်ပါတယ်။

စစ်ပွဲ‌တွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အချိန်ကနေ လက်ရှိချိန်ထိစစ်ရှောင် အမျိုးသမီးတွေဟာအဘက်ဘက်ကနေ  အခက်အခဲတွေ၊ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်တွေကို ရင်ဆိုင်ဖြေရှင်းနေရကြတာလည်း ဖြစ်ပါတယ်။

စစ်ရှောင်အနေနဲ့နေခဲ့တာလည်းကြာလာပြီဖြစ်တဲ့အတွက် ကိုယ့်ရပ်ရွာဒေသမှာဘဲ ပြန်လည်နေထိုင်ချင်ပြီလို့ မိုးကောင်းမြို့နယ် နမ္မတီး လမ်ဘရော့ယန်စစ်ရှောင်စခန်းက မိခင်တစ်ယောက်က ပြောပါတယ်။

ကိုယ့်ဒေသကို အရမ်းပြန်ချင်နေပြီ၊ အရမ်းလည်းသတိရနေပြီ၊ ဒီမှာနေတာ မပျော်တော့ဘူး ပြောမပြတက်အောင်ကို ခံစားနေရတယ်၊ ကလေးတွေကို ကြည့်ပြန်ရင်လည်း အရမ်းသနားတယ်၊ ဘာဘဲဖြစ်လာရင်လည်း စစ်ရှောင်တွေ၊ အဲ့စစ်ရှောင်တွေ လို့ ပြောတာတွေလည်း မရှိချင်တော့ဘူး၊ ဖြစ်နိုင်ရင် ဒီနေ့ချက်ခြင်း အခုတောင် ပြန်ချင်တယ်လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်ကျော့ပြန် စစ်တွေပြန်ဖြစ်လာတာကြောင့် ၂၀၁၃ ခုနှစ် ကတည်းက ၁၀ နှစ်ကျော်ကြာ စစ်ရှောင်ခဲ့တဲ့ မံစီမြို့နယ်၊ မိုင်းခေါင် စစ်ရှောင်စခန်းက မိခင် ဒေါ်ဂျီးတောင်က သူရဲ့ ခံစားချက်ကို အခုလိုပြောပြလာပါတယ်။

ကျွန်မတို့က နေတာတော့ကြာပြီ၊ ဒါပေမဲ့ ဒီမှာက ကျယ်ကျယ်ဝန်းဝန်းမနေရဘူးလေ၊ ဘုရားကျောင်းဝန်းဖြစ်တဲ့အတွက် လုံခြုံတယ်ဆိုပေမဲ့ အရမ်းလည်းမဟုတ်ပြန်ဘူး၊ ဆိုတော့ ကျွန်မတို့က စိတ်အားငယ်စွာနဲ့ဘဲ နေရတာပေါ့၊ ကြက်၊ ဝက်မွေးဖို့အတွက်လည်း နေရာမရှိဘူးလေ၊ WFP ကနေကူညီတယ်ဆိုပေမဲ့ အများကြီးလည်းမဟုတ်တော့ သူတို့ပေးတဲ့ထဲကနေ လိုအပ်တာတွေအရင်ဝယ်ပြီးမှ ကျန်တာတွေပြန်လုပ်ရတာဆိုတော့ အခုလို ကုန်ဈေးတွေတက်နေတဲ့အချိန်ဆို အရမ်းခက်ခဲတယ်လို့ပြောပါတယ်။

ဒ့ါအပြင် စစ်တပ်စခန်းနဲ့နီးမှာနေထိုင်နေတဲ့ စစ်ရှောင်စခန်းတွေဟာလည်း စစ်တပ်ရဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေရှိနေတဲ့အပြင် စစ်ရှောင်တွေရှိတဲ့နေရာကို ပစ်မှတ်ထားမယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုတာတွေရှိနေတဲ့အတွက် လုံခြုံရေးနဲ့ပတ်သတ်ပြီးတော့ စိုးရိမ်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။

အလားတူ စစ်ရှောင်မိသားစုဝင်တွေဟာ ကုန်ဈေးနှုန်းတွေမြင့်တက်နေတာတွေကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်နေရတဲ့အပြင် စစ်တပ်ဘက်ကလည်း စစ်ရှောင်တွေကို ဦးတည်ပြီး တိုက်ခိုက်တာမျိုးတွေ အများကြီးလုပ်လာတဲ့အတွက်အမြဲတမ်းကြောက်စိတ်တွေရှိနေရတယ်လို့ မြစ်ကြီးနား ဂျော်မဆပ် စစ်ရှောင်စခန်းက အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

အခု နောက်ထပ်တစ်ခုပြန်တိုးတာက တစ်ခုခုဆို စစ်ရှောင်တွေကို အရမ်း focus ထားတယ်လေ၊ လူစုလူဝေးတွေကိုဆိုတော့ ကျွန်မတို့က အမြဲတမ်း စုဝေးပြီးဘဲနေကြတာဆိုတော့ စိတ်ကအမြဲတမ်း စိုးရိမ်သလို ကြောက်သလိုဖြစ်နေရတာပေါ့၊ အိပ်တဲ့အချိန်ဆို အမြဲတမ်း သတိနဲ့ ဘဲအိပ်နေရတယ် အရင်ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ပြန်မြင်ယောင်ပြီး စိုးရိမ်နေတာပေါ့ လို့ ပြောပါတယ်။

လက်ရှိအချိန်ထိလည်း  စစ်ရှောင်အများစုဟာ နေရပ်မပြန်နိုင်သေးသလို နေရပ်ပြန်နေထိုင်နိုင်ဖို့ ကြိုးစားနေတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။

စစ်ပွဲတွေကြောင့် ဂါးရာယာန်ကျေးရွာကနေ ၁၂ နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လက်ရှိ ဝိုင်းမော်မြို့၊ မိုင်းနား စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ မိခင်တစ်ဦးကလည်း နေရပ်ပြန်လည်နေထိုင်နိုင်ဖို့ မျှော်လင့်နေတဲ့အကြောင်း အခုလိုပြောပြလာပါတယ်။

နေရပ်ပြန်တဲ့ စရင်းမှာတော့ပါပြီ ဒါပေမဲ့ အခုအဲ့ဒီဘက်မှာက ပိုပြီး စစ်တွေလည်း ပြန်ဖြစ်လာတယ်၊ ဒါပေမဲ့ ကျွန်မတို့ကတော့ ဘယ်လိုအခြေအနေဖြစ်ဖြစ် ပြန်မယ်လို့တော့ စဉ်းစားထားတယ်၊ ကြောက်လည်း ကြောက်တယ်၊ ပြန်လည်းပြန်ချင်တယ် စစ်ရှောင်မှာလည်း မနေချင်တော့ဘူး၊ ထွက်ပြေးရတာတွေကို နည်းနည်းလေးမှ မလုပ်ချင်တော့ဘူး” လို့ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကချင်ပြည်နယ်က ဒေသအသီးသီးဖြစ်ကြတဲ့ ဂါးရာယာန်၊ ကဇူး၊ ဒဘတ်၊ မလိဆွတ်ယန်၊ မန်လုံ၊ ကောင်းလိင်၊  လိုင်ကာဇွပ်ဂျာ၊ ရေကြည် စတဲ့ ကျေးရွာတွေ နေရပ်ပြန်ခဲ့ကြပေမဲ့ လက်ရှိချိန်ထိ ကူညီထောက်ပံ့မှုတွေ လိုအပ်နေဆဲဖြစ်ပါတယ်။

By – BU BU 

Show More

Related Articles

Back to top button