လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

TNLA ထိန်းချုပ်ထားတဲ့နယ်မြေမှာ ဒေသခံတွကိုခွဲခြားဆက်ဆံနေ

၂၇ စစ်ဆင်ရေးဖြင့် ရှမ်းမြောက်ဒေသ နယ်မြေတစ်ချို့ကို စိုးမိုးထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ ဒေသခံတွေအပေါ် ခွဲခြားဆက်ဆံတဲ့အသွင်နဲ့ အုပ်ချူပ်လာမှုကြောင့် အတူယှဉ်တွဲနေထိုင်ရေးမှာ အခက်ကြုံလာတယ်လို့ လက်ရှိ TNLA ထိန်းချူပ်မှုအောက်မှာရှိတဲ့ ဒေသခံတွေ ပြောပါတယ်။

ကွတ်ခိုင်မြို့ခံ ကချင်အမျိုးသမီးတစ်ဦးကနဂိုရှိတဲ့ စစ်တပ်တောင် မကောင်းလို့ တိုက်ခိုက်ချေမှုန်းနေပါတယ်ဆို TNLA က သူတို့တိုက်ပြီး အနိုင်ရထားတဲ့နေရာ ဟုတ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကွတ်ခိုင်မြို့ထဲမှာဆို စစ်တပ်စခန်းတွေထဲက ပစ္စည်းတွေပဲ သိမ်းတာမဟုတ်ဘူး။ ဆေးရုံတွေမှာရှိတဲ့ သေးခွက်တောင် မကျန်ဘူး အကုန်ယူတာ။ ဖြစ်စေချင်တာက သူတို့ ဒီနယ်မြေကို ထိန်းချုပ်အုပ်ချုပ်ချင်တယ်ဆိုရင် ကျမတို့ ပြည်သူတွေအတွက် ဒီနယ်မြေတိုးတက်အောင် ဦးဆောင်အုပ်ချုပ်နိုင်မလား။ ဒါမှမဟုတ် လူမျိုးရေးခွဲခြားမှု မရှိအောင် အုပ်ချုပ်နိုင်တဲ့စနစ် အဓိက ဖြစ်စေချင်တယ်လေ။လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်ပြည့် ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်ဒေသခံ ကချင်ပြည်သူတွေက တစ်ရက်တာ ကချင်အမျိုးသားအလံလွှင့်ထူတဲ့အစီစဉ်ကို ပြုလုပ်ခဲ့ချိန် အထက်အမိန့်အရ ဆိုပြီး TNLA တပ်ဖွဲ့ဝင်တွေက ကချင်အမျိုးသားအလံကို လိုက်လံဖြုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

TNLA တပ်ဖွဲ့ရဲ့ အဲဒီ လုပ်ရပ်အပေါ် ကန့်ကွက်တဲ့အကြောင်း ကွတ်ခိုင်ကချင်တမန်အဖွဲ့က သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အစီအစဉ်ပြုလုပ်ကျင်းပဖို့ ပြင်ဆင်မှုကိုလည်း TNLA ဘက်က တားဆီးနှောင့်ယှက်ခဲ့တယ်လို့ ထုတ်ပြန်စာထဲမှာ ဖော်ပြထားပါတယ်။

ကချင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့မှာတောင် သူတို့အခွင့်မပေးတာတွေ၊ အချင်းချင်း နားမလည်ပေးနိုင်ဘူးဆိုရင် နောက်နောင်ဆိုရင် ပြည်သူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့က တောက်လျှောက်ပြဿနာတွေ ပေါ်ထွက်လာနိုင်တယ်လို့ ကွတ်ခိုင် ကချင်တမန်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီနေ့ TNLA က ကချင်အမျိုးသားအလံဖြုတ်သိမ်းခဲ့ချိန် ကချင်ပြည်သူတချို့က ကချင်တော်လှန်ရေးနေ့ဖြစ်တာကြောင့် တစ်ရက်သာ အလံလွှင့်ထူခြင်းဖြစ်ပြီး မဖြုတ်ပေးသိမ်းဖို့ တောင်းဆိုရင်း TNLA တပ်သားတွေနဲ့ ကချင်ပြည်သူကြား အချင်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။  

ဒီကိစ္စနဲ့ ပတ်သက်ပြီး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာအိုက်ကျော်ကို ကချင်သတင်းဌာန KNG က ဖုန်း နဲ့ Signal က တစ်ဆင့် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

ကွတ်ခိုင်မြို့ကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားတဲ့အတွက် TNLA က ခွင့်ပြုမှ လုပ်ဆောင်လို့ရမယ်လို့ တားမြစ်ချက်တွေဟာ ပြည်သူနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဆက်ဆံရေးကို ပိုမို အခက်ကြုံစေတယ်လို့ ကချင် ဒေသခံတွေက ပြောပါတယ်။

ကချင်၊ တအာင်း၊ ရှမ်း၊ တရုတ် ၊ ဗမာ စသဖြင့် တိုင်းရင်းသားအစုံ အတူယှဉ်တွဲနေထိုင်တဲ့ ကွတ်ခိုင်ဒေသမှာ လက်နက်ကိုင်တွေနဲ့ အရပ်သားအချင်းချင်းကြား ထိပ်တိုက် ပြဿနာများ ထပ်မံ မဖြစ်ရလေအောင် အလေးနက် သတိပြုစေချင်တယ်လို့ ရှမ်းမြောက် ဒေသခံတွေ ပြောဆိုပါတယ်။

အခုက စကစကိုတော့ မောင်းထုတ်လိုက်နိုင်ပြီ။ ဒါပေမဲ့ သူတို့က နဂိုရှိတဲ့ စစ်အစိုးရအတိုင်း ကျင့်သုံးလာတာကိုတွေ့ရတော့ စိတ်မကောင်းဘူး။ အခု နမ္မတူမှာလည်း သူတို့ တအာင်းအချင်းချင်းဆိုရင် ဆက်ဆံပုံက တစ်မျိုး၊ အခြား ရှမ်း၊ ကချင်၊ တရုတ်တွေလည်း အမြောက်အများရှိတယ် အဲ့လို အခြားတိုင်းရင်းသားတွေကို ဆက်ဆံတာက တစ်မျိုးဖြစ်နေတယ်။လို့ နမ္မတူဒေသခံ တစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်ကျော်ကတည်းက နမ္မတူမြို့မှာ ကချင် မုဆိုးမတစ်ဦးပိုင်ဆိုင်တဲ့ အိမ်ခြံဝင်းကို တအာင်းတပ်မတော် TNLA က ခြံပိုင်ရှင်တွေကို အကြောင်ကြား ညှိနှိုင်းခြင်းမပြုလုပ်ပဲ အတင်းအဓမ္မ စစ်တပ်ဂိတ် တည်ဆောက်ခဲ့ပါတယ်။

ရှမ်းမြောက်ဒေသ TNLA တိုက်ခိုက်သိမ်းယူထားတဲ့ နယ်မြေတွေမှာ နဂိုတည်းက ရှိနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဂိတ်တွေကို ဖယ်ရှားပေးဖို့ TNLA ဘက်က ကြိုးစားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကွတ်ခိုင်မူဆယ်နမ့်ခမ်းမိုင်းဝီးမန်တုံနမ္မတူ စတဲ့ မြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ဂိတ်အမြောက်အများချထားကာ ဂိတ်တစ်ခုဖြတ်ကျော်လျှင် အနည်းဆုံး ၃ သောင်းခန့် ကုန်ကျတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကွက်ခိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ပြီး နမ္မတူမြို့ကိုတော့ ၂၀၂၃ ဒီဇင်ဘာ ၂၅ ရက်နေ့က သိမ်းပိုက်ထားတာဖြစ်ပါတယ်။ လက်ရှိ ရှမ်းမြောက် လားရှိုးမြို့အနောက်ဘက် နဲ့ မြောက်ဘက်ရှိ မြို့ အားလုံးနီးပါးကို TNLA က တိုက်ခိုက်သိမ်းပိုက် ထိန်းချူပ်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းမြောက်နယ်မြေတွေကို အသစ်အုပ်ချုပ်လာတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒေသခံပြည်သူတွေနဲ့ ကောင်းမွန်စွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးမှ အုပ်ချူပ်မှုယန္တရားကို လည်ပတ်စေချင်တယ်လို့ ရှမ်းမြောက်ဒေသခံတွေက တောင်းဆို နေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button