မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့အထိမ်းအမှတ်ကျင်းပ

မတ်လ ၁၄ ရက်နေ့ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင် ( International River’s Day) အထိမ်းအမှတ်နေ့ကို တန်ဖရဲမြစ်ဆုံမှာ မလိအင်မိုင်ဇွမ် အမျိုးသမီးအဖွဲ့ချုပ်က လှုပ်ရှားမှုတစ်ခု ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ချောင်းအင်အိုင်တွေမှာ တရာမဝင် ရွှေတူးဖော်မှု၊ မြေရှားတူးဖော်မှုတွေကြောင့် မြစ်၊ ချောင်းတွေ ပိုပြီးပျက်စီးလာနေပြီဖြစ်တဲ့အတွက် ဒီထက်ပိုပြီးမပျက်စီးစေချင်တဲ့ရည်ရွယ်ချက်နဲ့ အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ မလိအင်မိုင်ဇွမ် အမျိုးသမီးအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ယောက်က KNG ကိုပြောပါတယ်။

အရင်တုန်းကတော့ ဒီရေတွေက ကျွန်မတို့ ခပ်သောက်ခဲ့ပြီးကြီးလာခဲ့ရတယ်၊ ဒါ့ပေမဲ့ အခုက မြစ်ရေ ချောင်းရေ တွေလည်းအကုန်ပျက်စီးကုန်ပြီ၊ ရေတွေလည်းမသန့်တော့ဘူး၊ ကော်ဖီရောင်တွေဖြစ်ကုန်ပြီ အဲ့တာကြောင့် အခုထက်ပိုပြီး နောက်ပိုင်းတွေ ဒီထက်မပျက်စီးစေချင်တော့ဘူး၊ မြစ်ချောင်းတွေကိုလည်း ကာကွယ်စေချင်တယ်လို့ဆိုပါတယ်။

အဲ့ဒီအစီအစဉ်မှာ ဆုတောင်းခြင်း၊ အစီအစဉ်ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ မြစ်ချောင်းအင်းအိုင် ပေါ်ပေါက်လာပုံသမိုင်း၊ မြစ်ချောင်းတွေရဲ့ အရေးကြီးပုံ အရေးပါပုံတွေကို ပြောကြားခဲ့ပြီး ကြွေးကြော်သံတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အထက်ပါ အစီအစဉ်ကို မလိအင်မိုင်ဇွမ် အမျိုးသမီးအဖွဲ့ချုပ်က ဦးဆောင်ပြီး ဒေသခံပြည်သူ အယောက် ၂၀၀ ဝန်းကျင်ပါနဲ့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုဖြစ်ပြီး မြစ်ချောင်းအင်းအိုင် တွေကိုကာကွယ် ဖို့အတွက် အုပ်ချုပ်နေတဲ့ အစိုးရတွေမှာသာမက ပြည်သူတိုင်းမှာတာဝန်ရှိတယ်လို့ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

တန်ဖရဲကျေးရွာမျာ မတ်လ ၁၄ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မြစ်ချောင်းအင်အိုင်နေ့

ဒီ river day က အရမ်းအရေးကြီးတယ်၊ ဖြစ်နိုင်ရင်တော့ ဒီအုပ်ချုပ်နေတဲ့အစိုးရတွေ၊ သူ့နေရာနဲ့သူအုပ်ချုပ်နေတဲ့သူတွေ၊ ဘယ်သူမဆို အကုန် ဒီအရာတွေကိုနားလည်ပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ စီမံခန့်ခွဲပြီး ကာကွယ်သွားနိုင်ဖို့ကအရမ်းအရေးကြီးတယ်လို့ပြောပါတယ်။

ရွှေတူးဖော်တာတွေ လွန်လွန်ကျူးကျူးပြုလုပ်လာကြတဲ့အတွက် မြစ်ချောင်းအင်းအိုင်ရေတွေကို အဓိကမှီခိုအသုံးပြုနေကြတဲ့ ကျေးရွာနေ ပြည်သူတွေဟာ သောက်သုံးရေမရှိတော့တဲ့ထိ အခက်အခဲတွေ ကြုံနေရတာလည်းဖြစ်ပါတယ်။

အခုလို မြစ်၊ ချောင်း၊ အင်း၊ အိုင် တွေမှာရွှေတူးဖော်မှုဆက်လက်ပြုလုပ်နေမယ်ဆိုရင် ပြည်သူတွေရဲ့ လယ်ယာမြေစိုက်ခင်း ထိခိုက်ပျက်စီးတာ၊ ကမ်းပါးပြိုတာ၊ သောက်သုံးရေအခက်အခဲဖြစ်တာ၊ ရေနေ သတ္တဝါတွေ သေဆုံးတာတွေ စတဲ့ အမျိုးမျိုးသော သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်လာမှာဖြစ်ပြီး မြစ်ချောင်းတွေမှာ ရေမရှိတော့ဘဲ ရွံ့သဲသောင်ပြင်တွေဘဲ ဖြစ်လာမှာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ အမျိုးသမီးတစ်ယောက်က သုံးသပ်ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှု လုပ်ငန်းတွေကို ပူတာအို၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးမြို့အတွင်းက ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ မြစ်ဆုံအထက်ပိုင်းဒေသ၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်၊ ရွှေကူ၊ တနိုင်း၊ မိုညင်း၊ ဖားကန့်၊ အင်ဂျန်းယန်နှင့် မချမ်းဘော့မြို့နယ်အတွင်း လုပ်နေကြတဲ့အပြင် ထိရောက်စွာအရေးယူမှုတွေလည်း မရှိသလောက်နည်းပါးသွားတာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button