တိုက်ပွဲသတင်း

ဖားကန့်မှာ ၂ လအတွင်း စစ်တပ်စခန်း ၅ ခုအထက် KIA သိမ်းပိုက်

ဒေသတစ်ခုလုံးကို ၇၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ပြီလို့ဆို

ဖားကန့်ဒေသမှာ သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နှစ်ဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂ လအတွင်းမှာပဲ တပ်စခန်း ၅ ခု အထက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အထက် သက်တမ်းရှိကြတဲ့ စစ်တပ်စခန်း ၁၀ ခုကျော်လောက်ရှိနေပြီး တစ်ဝက်ခန့်ကို KIA က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးတော့ လက်ရှိမှာ KIA က ဖားကန့်ဒေသကို ၇၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်တဲ့ တပ်စခန်းနေရာတွေဟာ မြစ်ကြီးနား၊ မိုးညှင်း၊ စစ်ကိုင်း စတဲ့ ကားလမ်းမကြီးတွေနဲ့ ထိစပ်တဲ့ လမ်းကြောင်းပေါ်က အရေးပါတဲ့ တပ်စခန်း နေရာတွေဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပြပါတယ်။

ပထမဆုံးကတော့ မိုးညှင်းဘက်ကနေဝင်တဲ့ ဝှေခါတပ်စခန်းကိုအရင်သိမ်းတယ်။ အဲဒါပြီးရင် မြစ်ကြီးဘက်ကိုပြန်တဲ့ နမ်တိန့်တပ်စခန်းကို ပြန်သိမ်းတယ်။ နောက်ပိုင်းက စစ်ကိုင်းနဲ့ ထိစပ်တဲ့ တာမခံတပ်စခန်းတွေကို ပြန်သိမ်းတယ်။ အရေးကြီးတဲ့ တပ်စခန်းတွေက သိမ်းယူလာပြီလို့ပြောလို့ရပြီ။ အခုကတော့ ဖားကန့်မြို့တွင်းနေရာတွေမှာရှိတဲ့ ကံဆီး၊ ဆိုင်းတောင်၊ တောမှော် နဲ့ ဗျူဟာကုန်းတွေပဲကျန်တော့တယ်လို့ပြောပါတယ်။

KIA သိမ်းပိုက်ထားတဲ့ ဝှေခါတပ်စခန်း

လက်ရှိ KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းနေရာတွေဟာ နမ်တိန့်၊ ဝှေခါ၊ တာမခံ၊ ကသိုဏ်းတောင်နဲ့ နမ့်မှော် စတဲ့ တပ်စခန်းနေရာတွေကို မတ်လ ၁၄ ရက်နေ့အထိ သိမ်းပိုက်ထားနိုင်တာဖြစ်ပြီးတော့ တစ်ချို့တပ်စခန်းနေရာတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေက နှစ်ဆန်းပိုင်းမှာတင် ဝှေခါတပ်စခန်းနဲ့ နမ်တိန့် တပ်စခန်း ၂ နေရာကို တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဝှေခါတပ်စခန်းကို ဇန်နဝါရီလ ၂၀ လောက်မှာ သိမ်းပိုက်လိုက်နိုင်သလို နမ်တိန့်တပ်စခန်းကိုတော့ ၁၀ ရက်လောက်အကြာ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အပြီးသတ်ရှင်းလင်း လိုက်တာဖြစ်ပါတယ်။

အဲဒီတပ်စခန်း ၂ ခု တိုက်ခိုက်သိမ်းပိုက်လို့အပြီး စစ်ကိုင်းနယ်နဲ့ ထိစပ်နေတဲ့ တာမခံတပ်စခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ KIA က ထပ်မံပြီး ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။

တာမခံတပ်စခန်းနေရာကို KIA က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေများသွားပြီး မတ်လ ၃ ရက်နေ့မှာ ဖားကန့်ဘက်ကနေ တပ်ရင်း ၃ ခုပါဝင်တဲ့ စစ်အင်အား ၅၀ လောက်က တာမခံကျေးရွာဘက်ကို ထိုးစစ်ဆင်ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေက တာမခံကျေးရွာထဲမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ပြည်သူပိုင်နေအိမ်တွေမှာ တပ်စွဲထားပြီး နေအိမ်မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာကြောင့် KIA ပူးပေါင်းတပ်တွေက မတ်လ ၄ ရက်နေ့မှာ ရွာကို ပိတ်ဆို့ပြီး စစ်ကြောင်းတစ်ခုလုံးကို ရှင်းလင်းလိုက်တာလည်းဖြစ်ပါတယ်။

ဖားကန့်မှာ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ KIA တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်

အဲဒီနောက် မတ်လ ၆ ရက်နေ့မှာ စစ်ကိုင်းဘက်ကနေ ရဟတ်ယာဉ် ၃ စီးနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းနေရာမှာ စစ်အင်အား ၃၀ လောက်ထပ်မံပို့ချခဲ့ပြီး အဲဒီစစ်ကြောင်းတွေက တိုက်ပွဲဖြစ်ပွားနေတဲ့ တာမခံဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကသိုဏ်းတောင် အဆင်းတာဝါတိုင်အနီးမှာက KIA က ဒုတိယအကြိမ် ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေက မတ်လ ၈ ရက်နေ့အထိ စစ်ကူထပ်မလာနိုင်တော့ဘဲ တာမခံတပ်စခန်းမှာ ပိတ်ဆို့တိုက်ခိုက်ခံရတဲ့ တပ်သားတွေက စစ်အင်အားနည်းပါးသွားပြီး အစားအသောက် ပြတ်လပ်သွားတာကြောင့် မတ်လ ၉ ရက်နေ့မှာ တပ်တွင်းကနေ  ထွက်ပြေး ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ KIA ရှေ့တန်းအရင်းအမြစ်တွေကပြောပြပါတယ်။

တာမခံတပ်စခန်းအတွင်းကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၇၇ ယောက်ခန့်ရှိပြီး မတ်လ ၁၁ နေ့ ဖားကန့်ဆိုင်းတောင် မှော်ရှန်ရွာထိပ်မှာ KIA ပူးပေါင်းတပ်တွေရဲ့ ထပ်မံပိတ်ဆို့ခံရတာကြောင့် အယောက် ၂၀ လောက်ဖမ်းဆီးခံရပြီး တစ်ချို့ကသေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

တာမခံဘက်က ထွက်ပြေးလာတဲ့ သူတွေထဲမှာ ဗိုလ်ကြီးအဆင့် ၄ ယောက်၊ ဗိုလ်မှူးအဆင့် ၂ ယောက်ပါတယ်။ ဆိုင်းတောင် မှော်ရှန်ရွာထိပ်မှာ ပိတ်ဆို့ပြီး အယောက် ၂၀ လောက်ဖမ်းဆီးထားနိုင်တယ်။ သေတဲ့သူတွေက ဘယ်လောက် သေသွားမှန်းမပြောတတ်ဘူးလို့ပြောပါတယ်။

ဒါ့ကြောင့် ၁၀ ရက်ကျော်လောက်ဖြစ်ပွားခဲ့တဲ့ တာမခံတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ၇၀ ခန့်သေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးရမိခဲ့တဲ့အပြင် လေယာဉ်ပစ်သေနတ်တစ်လက်၊ ၆၀ မမ၊ ၈၀ မမ၊ လက်နက်ငယ် ၄၀ ကျော်နဲ့ ကျည်အတောင့် ၅၀၀၀ ကျော်သိမ်းဆည်ရယူနိုင်ခဲ့တယ်လို့သိရပါတယ်။

ဖားကန့်မှာ KIA က သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတစ်ချို့

တာမခံတပ်စခန်းသိမ်းပိုက်မှုအပြီး ဆိုင်းတောင်အုပ်စု နမ့်မှော်မှာ ဆယ်စုနှစ်တစ်ခုအကြာ တပ်စွဲထားတဲ့ ကသိုဏ်းတောင်တပ်စခန်း(Kasen Bum)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ တပ်စခန်းကို ထပ်မံသိမ်းပိုက်လိုက်ပါတယ်။

ကသိုဏ်းတောင်တပ်စခန်းသိမ်းပိုက်မှုမှာတော့ စစ်ကောင်စီတပ်သားတွေ တပ်တွင်းကနေ ထွက်ပြေးတိမ်းရှောင်သွားကြတာကြောင့် ထိခိုက်သေဆုံးမှုနည်းပါးပြီး လက်နက်ခဲယမ်းတစ်ချို့ကိုသာ KIA ဘက်က သိမ်းဆည်းရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကသိုဏ်းတောင်တပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ KIA က ပထမအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ရေးအရ စခန်းအတွင်းသာ ရှင်းလင်းရေးတွေ လုပ်ဆောင်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့နောက် အခု ဒုတယအကြိမ် ပြန်လည်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေက အခု မတ်လအတွင်းမှာ စစ်ကောင်စီတပ်စခန်း တစ်ခုပြီးတစ်ခု ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပြီး တစ်ချို့တပ်စခန်းတွေက ဝင်ရောက်တိုက်ခိုက်နေတဲ့ အချိန်တိုတွင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာသွားကြတဲ့ တပ်စခန်းတွေလည်းရှိနေပါတယ်။

ကသိုဏ်းတောင်သိမ်းယူမှုအပြီးမှာ ဖားကန့် နမ့်မှော် ကျေးရွာက ကျောက်စိမ်းထွက်ရှိတဲ့နေရာမှာ စစ်အင်အား ၂၀ ဝန်းကျင်လောက်နဲ့ လုံခြုံရေးယူထားတဲ့ တပ်စခန်းတစ်ခုမှာလည်း စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ တပ်ဆုတ်သွားကြတယ်လို့ သိရပါတယ်။

ဒါကြောင့် KIA ပူးပေါင်းတပ်တွေက ထပ်မံပြီးတော့ ကသိုဏ်းတောင်သိမ်းယူမှုအပြီးမှာ နမ့်မှော်တပ်စခန်းနေရာမှာလည်း ဝင်ရောင်ရှင်းလင်းရေးတွေလုပ်ဆောင်လိုက်ပြီး လက်ရှိမှာ KIA ထိန်းချုပ်ထားပြီ ဖြစ်တယ်လို့သိရပါတယ်။

KIA တပ်ဖွဲ့တွေ ၂ လကျော်အတွင်း ဖားကန့်ဒေသက စစ်ကောင်စီတပ်စခန်း ၅ နေရာလောက်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား စုစုပေါင်း ၁၅၀ ခန့် သေဆုံးမှုရှိနိုင်တယ်လို့ KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ တပ်စခန်းတွေထဲမှာ နေရာအားလုံးမှာက လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိတာဖြစ်တယ်။ အသေးစိတ်တော့ ပြောဖို့ခက်တယ်။ တော်တော်များများရရှိခဲ့တယ်။ သေဆုံးတာကလည်း တောတောင်နေရာတွေမှာ သေဆုံးတာဖြစ်တဲ့အတွက် အလောင်းတွေကို အသိအကျကောက်ယူဖို့မရဘူး။ ခန့်မှန်းခြေကတော့ တစ်ရာကျော်တော့ ပြောလို့တယ်။ အဲထဲမှာ ဗိုလ်အရာရှိအဆင့်အထိပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဖားကန့်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ခန်းနေရာတွေမှာ ခန့်မှန်းခြေအရ တပ်စခန်းတစ်ခုမှာ စစ်အင်အား ၃၀ နဲ့ ၄၀ ဝန်းကျင်လောက်မှာရှိနေပြီး တပ်စခန်း ၅ ခုသိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ တာမခံ၊ ဝှေခါနဲ့ နမ့်တိန့်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား သေဆုံးမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

တပ်စခန်း ၅ ခုအထက် သိမ်းပိုက်ထားတဲ့ တစ်ဆက်တည်းမှာပဲ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းကစပြီး ဆိုင်းတောင်ကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းနေရာကို တိုက်ခိုက်ဖို့ ဝင်ရောက်လာတဲ့ အချိန်မှာ ရဲတပ်ဖွဲ့တွေက ရဲစခန်းနေရာကနေ တပ်ဆုတ်သွားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေသာ တပ်စခန်းအတွင်းရှိနေပြီး မတ်လ ၁၄ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက ဆိုင်းတောင် စစ်ကောင်စီတပ်ဖွဲ့တွေကို အချိန်မဆွဲဘဲ အမြန်ဆုံးလက်နက်ချအညံ့ခံကြဖို့ မိုက်တွေနဲ့ လိုက်လံ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းတောင်ကျေးရွာမှာ မတ်လ ၁၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် ဆိုင်းတောင် တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို လက်နက်ချဖို့ ပြောဆိုထားတဲ့အဆင့်အထိသာရှိသေးတယ်လို့ KPDF တာဝန်ရှိသူတွေကပြောပါတယ်။

ဒါ့ကြောင့် ဖားကန့်ဒေသမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်ရဲ့စခန်းနေရာတွေကို KIA ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကနေ အမြန်ဆုံး နားလည်သဘောပေါက်ပြီး ပြည်သူ့ရင်ခွင်ဆီကို အမြန်ခိုလှုံပါက တိုက်ခိုက်တာတွေ အမြန်ဆုံး ငြိမ်သက်သွားမှာဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူက ဆက်ဆိုပါတယ်။

တိုက်ပွဲတွေ ဘယ်လောက်ထိပြင်းထန်နေအုံးမှာလဲဆိုတာက စစ်ကောင်စီတပ်ဘက်ကနေ အမြန်ဆုံးနားလည်သဘောပေါက်တာနဲ့ ပဲဆိုင်ပါတယ်။ သူတို့အနေနဲ့ အာဏာရှင်ကို ကာကွယ်ပြီး ဆက်ပြီးခုခံနေရင်တော့ တိုက်ပွဲတွေက ဆက်ဖြစ်နေမှာပဲလို့ပြောပါတယ်။

လက်ရှိ ဖားကန့်ဒေသမှာ စစ်ကောင်စီဘက်ကနေ တပ်စခန်း ၅ ခုအထက်ကို လက်လွတ်လိုက်ရတဲ့နောက်ပိုင်း ဖားကန့် မြို့တွင်း ဗျူဟာကုန်းရှိတဲ့ နေရာတစ်ချို့နဲ့ ကျန်ရှိနေသေးတဲ့ တပ်စခန်းနေရာတွေမှာသာရှိနေပြီး ယခင်ကလို ဖားကန့်မြို့တွင်း မြို့ပြင် စစ်ရေးလှုပ်ရှားတာတွေ နည်းပါးသွားတယ်လို့ဆိုပါတယ်။

ဗျူဟာမြောက်တဲ့ တပ်စခန်းတွေကို စွန့်လွတ်လိုက်ရတာကြောင့် ဖားကန့်မြို့ပြင် နေရာအားလုံးလောက်နီးပါး လောက်ကို KIA ထိန်းချုပ်ထားပြီးဖြစ်တာကြောင့် ဆက်လက်ပြီးကျန်ရှိနေတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်လာနိုင်တယ်လို့ ဖားကန့်ဒေသခံပြည်သူတွေကြားမှာ သတင်းတွေ ထွက်ပေါ်နေတယ်လို့လည် သိရပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီလက်လွတ်လိုက်ရတဲ့ နမ်တိန့်၊ ဝှေခါ၊ တာမခံ၊ တသိုဏ်းတောင်နဲ့ နမ့်မှော် စတဲ့ ဗျူဟာမြောက်တဲ့ တပ်စခန်းတွေအပြင် ဖားကန့်သွားလမ်းပေါ်က နန့်ယားစစ်တပ်၊ ဖားကန့်မြို့တွင်း ဗျူဟာတပ်၊ လမောင်၊ တောမှော်၊ ကံဆီး ၊ လုံးခင်း တပ် ၂ နေရာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

အဲထဲမှာ နန့်ယား၊ ဖားကန့် ဗျူဟာတပ်စခန်းနဲ့ ကံဆီး စစ်ကောင်စီတပ်စခန်းတွေက ဖားကန့်ဒေသမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်ရဲ့ အကြီးဆုံးတပ်စခန်းတွေလည်းဖြစ်ပါတယ်။

တစ်ဖက်မှာ ဖားကန့်ဒေသအတွင်း KIA ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပေမယ့် ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းယန္တရားတွေက နဂိုအတိုင်း ရပ်နားခြင်းမရှိဘဲ ပုံမှန်လည်ပတ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေက ဖားကန့်မြို့ပေါ်၊ တားမခံ ဟောင်ပါးအုပ်စု တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြသလို များသောအားဖြင့် ဘုန်းကြီးကျောင်း၊ ဘာသာရေးကျောင်းနဲ့ ဆွေမျိုးအိမ်တွေမှာ စစ်ရှောင်ထောင်ချီထွက်ပြေးတိမ်းရှောင်နေကြဆဲလည်းဖြစ်ပါတယ်။

တစ်ချို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA ထိန်းချုပ်ထားတဲ့ ကျေးရွာတစ်ချို့ကိုတော့ KIA ဘက်ကနေ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးတော့ တိုက်ပွဲရှောင်ပြည်သူတွေကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေကြတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

ဖားကန့်မြို့နယ်ဟာ ကမ္ဘာ့အဖိုးတန်ကျောက်စိမ်းထွက်ရှိရာဒေသတစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖုန်း၊ အင်တာနက်လိုင်း အချိန်ကြာဆုံးဖြတ်တောက်ခံထားရတဲ့မြို့နယ်လည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button