လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မိုးမောက်မှာလက်နက်ကြီး မကြာခဏကျရောက်ပေါက်ကွဲလို့ ဒေသခံများလုံခြုံရေးစိုးရိမ်နေရ

ဗန်းမော်ခရိုင် မိုးမောက်မြို့မှာ လက်နက်ကြီးမကြာခဏကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံတွေလုံခြုံရေးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိ မိုးမောက်မြို့ထဲ ဒါဆိုင်းကျေးရွာအနီးမှာရှိတဲ့ ခလရ (၂၃၇တပ်စခန်းကို KIA ဘက်က မနေ့ညမှာ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာကြောင့် လုံခြုံရေးစိုးရိမ်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒါဆိုင်းစခန်းမသိမ်းမီ  မတ်လ ၁၂ ရက်နေ့ စစ်တပ်ဘက်ကလက်နက်ကြီးပစ်ခတ်ခဲ့လို့ မိုးမိတ်စစ်ရှောင်စခန်းက လူငယ်တစ်ဦးနဲ့ အမှုဆောင်ဆရာတစ်ပါး ထိခိုက်ဒဏ်ရာရ ရှိခဲ့တဲ့အပြင် နေအိမ်တစ်လုံးပေါ် လည်းကျရောက်ပေါက်ကွဲတာတွေလည်း ရှိတယ်လို့ မိုးမောက်မြို့ဒေသခံအမျိုးသား တစ်ယောက်က KNG ကိုပြောပါတယ်။

စစ်ရှာင်စခန်းထဲကျတာတော့မဟုတ်ဘူး၊ အနီးအနားမှာကျတာပေါ့၊ အဲ့တာ စစ်ရှောင်စခန်းက လူငယ်တစ်ယောက်ထိပြီး အခုဆေးရုံတင်ထားရတယ်၊ ပြီးတော့ မနေ့တနေ့ကကျတော့ အမှုတော်ဆောင်ဆရာတစ်ယောက် လက်မောင်းမှာထိသွားတယ်၊ မနေ့ညကကျတော့ နေအိမ်တစ်ခုမှာ ကျတာ ပေါ့၊ ကျည်တွေက နေရာတကာမှာအရမ်းကျတယ်၊ လမ်းပေါ်မှာတွေရောလို့ပြောပါတယ်။

ဒါ့အပြင် လူမနေတော့တဲ့ RC စစ်ရှောင်စခန်းမှာလည်း လက်နက်တွေ မကြာခဏ ကျရောက်တာမျိုးတွေရှိပြီး မူကြိုကျောင်းမှာလည်း လက်နက်ကျတာတွေရှိပေမဲ့ ကျောင်းပိတ်တဲ့အချိန်ဖြစ်တာကြောင့် ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခုလို လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်ပေါက်ကွဲနေတဲ့အပြင် တစ်ဖက်မှာ လုံခြုံရေးအရ စျေးဆိုင်တွေလည်းဖွင့်လှစ်ရောင်းချတာတွေမရှိတော့တဲ့အတွက် စားဖို့သောက်ဖို့အတွက်လည်း ခက်ခဲမှုတွေရှိလာတယ်လို့ မိုးမိတ် KBC စစ်ရှောင်စခန်းက အမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။

အခုက အဲ့လိုလက်နက်သံတွေကြားနေရတော့ အပြင်ထွက်ဝယ်ဖို့ကလည်း ကြောက်ရတယ်၊ ရောင်းတဲ့သူတွေကလည်း ကြောက်လို့ ဆိုင်မဖွင့်တော့တဲ့သူတွေရှိတော့ ကျွန်မတို့က စားဖို့သောက်ဖို့ကို လည်းစိုးရိမ်နေရတာပေါ့၊ သေနတ်သံ၊ လက်နက်သံတွေကြားပြီးဆိုရင်လည်း ကလေးတွေအတွက်က စိုးရိမ်ရနဲ့ တစ်ခါကြားရင် တစ်ခါကြောက်ရနဲ့ ဘယ်အချိန်မှာဘယ်လိုကျလာမလဲဆိုတာကိုဘဲ စောင့်ပြီးစိုးရိမ်နေကြရတာပေါ့လို့ပြောပါတယ်။

မိုးမောက်မြို့တွင်း ဒေသခံပြည်သူတွေကို လမ်းတွေမှာ ဖမ်းဆီးစစ်ဆေးတာ၊ ဖမ်းဆီခေါ်ဆောင်တာမျိုးမရှိပေမဲ့ လက်နက်ကြီး လက်နက်ငယ်သံတွေမကြာခဏ ကျရောက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားလာရေးအခက်အခဲကြုံနေရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မိုးမောက်မြို့တွင်း လက်နက်ကြီး၊ လက်နက်ငယ် ၁၀ ကြိမ်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး လက်ရှိချိန်ထိလည်း လက်နက်တွေ ကျရောက်နေပေမဲ့  လက်နက်ထိသေဆုံးတာမျိုးတော့မရှိသေးဘူးလို့ သိရပါတယ်။

မိုးမောက်မြို့နယ်ဟာ ဗန်းမော်ခရိုင်ထဲမှာပါဝင်ပြီး အထိုင်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃၇ ဒါဆိုင်းတပ်စခန်းကိုတော့ KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button