သတင်း

ဂါလိုင်ရွာမှာ ကျောင်းမဖွင့်ဖို့ TNLA တားမြစ်နေတဲ့ကြားက ကျောင်းသားမိဘများကျောင်းစဖွင့်နိုင်ပြီ

ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာ(Galeng ) အလယ်တန်းကျောင်းမှာ တအာင်းတပ် TNLA တပ်စွဲလိုက်ပြီး ကျောင်းမဖွင့်ဖို့တားဆီးပိတ်ပင်နေတဲ့ကြားက ဒေသခံကျောင်းသားမိဘတွေက ကျောင်းစတင်ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။

ဂါလိုင်ကျေးရွာက KIO အစိုးရအောက် ဖွင့်လှစ်သင်ကြားနေတဲ့ အလယ်တန်းကျောင်းကို TNLA က ကျောင်းနာမည်စရင်းကောက်ခံခွင့်မပေးပဲ ကျောင်းတံခါပိတ်ထားလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ဇွန်လ ၃ ရက်နေ့မှာတော့ ကျောင်းသားမိဘတွေနဲ့ကျောင်းကော်မတီအဖွဲ့များက အင်အားအလုံးအရင်းနဲ့ကျောင်းဝင်းထဲတိုးဝင်ကာ ကျောင်းနာမည်စာရင်းကောက်ယူပြီး ကျောင်းစတင်ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့ကြတာလို့ ကျောင်းကော်မတီတာဝန်ရှိသူတစ်ဦးက ကချင်သတင်းဌာန KNG ကို အခုလို ပြောပါတယ်။

နာမည်စာရင်းလည်းမကောက်နဲ့။ကျောင်းလည်းမဖွင့်နဲ့။ သူတို့အထက်ကို တိုင်ပင်နေသေးတယ်ဆိုပြီး ကျောင်းနာမည်စာရင်းမကောက်ခိုင်းပဲ ပိတ်ပင်ခဲ့တယ်။ ဒီကျောင်းက နဂိုကတည်းက ဖွင့်လှစ်နေပြီးသားကျောင်းဖြစ်တာကြောင့် သူတို့ ဘယ်လောက်ပိတ်ပင်တားဆီးနေလည်း ကျနော်တို့ကျောင်းသားမိဘ၊ကျောင်းဆရာ၊ဆရာမအားလုံး ကြိုးစားတိုးဝင်ခဲ့တယ်။ အဲလိုလုပ်လို့ သူတို့က သေနတ်တွေနဲ့လည်း ခြိမ်းခြောက်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းသားမိဘတွေ မကြောက်ပဲ ကျောင်းဖွင့်နိုင်အောင် လုပ်ခဲ့တာဖြစ်တယ်ဟုပြောပါတယ်။

ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းမှာ မေလ ၂၈ ရက်နေ့ကစပြီး ကျောင်းနာမည်စာရင်းစတင်ကောက်ခံနေချိန် တအာင်း TNLA လက်နက်ကိုင်တပ်ဖွဲ့က တားမြစ်ခဲ့ပြီး မေလ ၂၉ ရက်နေ့မှာတော့ ကျောင်းသားမိဘတွေကို KIO ဖွင့်တဲ့ကျောင်းမှာ ကျောင်းနာမည်မထည့်ရဟုဆိုကာ ကျောင်းတံခါးပိတ်လိုက်တယ်လို့ ဆိုပါတယ်။

ဂါလိုင်ကျေးရွာက အခြေခံပညာအလယ်တန်းကျောင်းဟာ ဇွပ်အောင်နဲ့ ဂါလိုင်ရွာတွေ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး ကော်မတီကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ်။

ကော်မတီကျောင်းအဖြစ် တစ်နှစ်ဖွင့်လှစ်ခဲ့ပြီးနောက် အရင်အစိုးရလက်လှမ်းမမှီခဲ့တဲ့‌ နေရာဖြစ်တာကြောင့် ဆရာ၊ဆရာမတွေရဲ့ လခနဲ့ ကျောင်းသုံးပစ္စည်းတွေကအစ အစစအရာရာမှာ ခက်ခဲလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဂါလိုင်ဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ နယ်မြေဖြစ်တဲ့အတွက် ဒေသခံကျောင်းသားမိဘတွေဟာ နမ့်ဖတ်ကာတိုက်နယ် KIO ပညာရေးဌာနနဲ့ ချိတ်ဆက်ခဲ့ပြီး ၂၀၂၂၂၀၂၃ ပညာသင်နှစ်ကစတင်ကာ KIO အစိုးရအောက်က ကျောင်းတစ်ခုအဖြစ် ဖွှင့်လှစ်သင်ကြားနေပြီပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးနဲ့ ကွတ်ခိုင်ကို သိမ်းပိုက်ထိန်းချူပ်ခဲ့တဲ့ တအာင်းတပ်မတော် TNLA ကတော့ ကျောင်းဝင်းတိုင်းနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အစိုးရရုံးတိုင်းကို နေရာဝင်ယူတပ်စွဲလိုက်ကာ ကွတ်ခိုင်မြို့နယ်ထဲက KIO အောက်စာသင်ကျောင်းတွေကို လိုက်လံတားမြစ်နေတာဖြစ်ကြောင်း ဒေသခံတွေ ပြောပါတယ်။

အခုသူတို့ပြောနေတာက သူတို့သိမ်းပိုက်ထားတဲ့ နေရာမှာ KIOကပဲ ကျောင်းလာဖွင့်လို့ ပိတ်ပင်တာလိုပြောတယ်။ ဒါကမဟုတ်ဘူးလေ။ ဒီကျောင်းက နဂိုတည်းက ဖွင့်နေပြီးသားဖြစ်တယ်။ ကိုဗစ်ဖြစ်ကတည်းက ကျောင်းတွေအားလုံးပိတ်သွားလို့ ၂၀၂၁ ခုနှစ်ကစပြီး ဂါလိုင်၊ဇွပ်အောင်ကျောင်းအဖြစ် ကော်မတီကျောင်းဖွင့်လိုက်တယ်။ ဒါပေမဲ့ အရမ်းခက်လာလို့ KIO ရဲ့ကူညီမှုနဲ့ KIO ပညာရေးဌာနအောက် အလယ်တန်းအထိ ဆက်လက်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်။ TNLA ကတော့ မနှစ်က ကျနော်တို့ ကျောင်းတက်နေစဉ်ကတည်းက သူတို့ကျောင်းဝင်ထဲ ဝင်ရောက်တပ်စွဲလိုက်တယ်။ အလံတွေချခိုင်းတယ်၊ သူတို့ရဲ့ အုပ်ချူပ်မှုအောက် ရှိရမယ်၊ အခုက ဘာကျောင်းပဲဖြစ်ဖြစ် သူတို့အောက်မဟုတ်ရင် ဖွင့်လှစ်သင်ကြားခွင့်မပေးဘူး။ ဒီလိုလုပ်တာပေါ့။ အခု သူတို့က ဒါကိုမပြေလေသေးဘူး။ မပြီးသေးဘူးနော ဆိုပြီးပြောထားသေးတာပေါ့ဟု ဂါလိုင်ကျောင်းကော်မတီတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

TNLA တားမြစ်နေတဲ့ကြား ကျောင်းသားမိဘတွေကတော့ နာမည်စရင်းတွေရအောင်‌ကောက်ကာကျောင်းဖွင့်လှစ်နိုင်အောင် ကြိုးစားပြီး စတင်နေပြီပဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်အဖွဲ့ကို ကချင်သတင်းဌာန (Kachin News Group ) KNG က ဖုန်းနဲ့ဆက်သွယ်ကြိုးစားခဲ့ပေမဲ့ ဖုန်းကိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိထိလည်း TNLA တပ်ဖွဲ့ဝင်တွေ အင်အား ၁၀ ကျော် ကျောင်းဝင်းထဲတပ်စွဲနေဆဲဖြစ်တာကြောင့် ကျောင်းသားတွေအတွက် စိုးရိမ်နေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူကဆက်ပြောပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီးပြောရရင် ပညာရေးဟာ လက်နက်ကိုင်တွေနဲ့ မသက်ဆိုင်ဘူး။ ဒီနေရာဟာ KIA ထိန်းချူပ်မှုနယ်မြေဖြစ်နေရင်တောင် လက်နက်ကိုင်သူတွေ ကျောင်းဝင်းထဲမနေရဘူးဆိုတာသိတာကြောင့် KIA လည်း လာမနေဘူး။ တပ်မချဘူး။ ကျောင်းကို စာသင်ကျောင်းအဖြစ် ရှင်းရှင်းလင်းလင်းပဲထားထားတာကြောင့် အခု TNLA တွေလည်း ကျောင်းဝင်းထဲရှိနေတာက မသင့်တော်ဘူး။ အမြန်ထွက်သွားရင်ကောင်းမယ်။ ကျောင်းသားတွေက တစ်နှစ်ပြီးတစ်နှစ် အနှောက်အယှက်အမျိုးမျိုးနဲ့ ပညာရေးနောက်ကျနေတာကို အခုလည်း ဒီလိုပြသနာတွေ မဖြစ်စေချင်ဘူးဟုပြောဆိုပါတယ်။

ဂါလိုင်ကျေးရွာနဲ့ ဇွပ်အောင်ကျေးရွာဟာ ကွတ်ခိုင်မြို့ပြင်ဘက် ၁၀ မိုင်ကျော်အကွာလောက်မှာတည်ရှိပါတယ်။

ဒီနေရာဟာ ပြီးခဲ့တဲ့ အရင်အစိုးရလည်း လက်လှမ်းမမီတဲ့နေရာတစ်ခုဖြစ်သလို CSO/NGO အဖွဲ့အစည်းရဲ့ ကူညီမှုတွေလည်း မရောက်ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး ကလေးတွေ ပညာရေးနောက်ကျလာမှာ စိုးရိမ်တဲ့ကျောင်းသားမိဘတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ မူလတန်းအဆင့်ကနေ စတင်ကြိုးစားကာ ကျောင်းဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ၆ တန်းထိသာဖွင့်လှစ်ခဲ့ပေမယ့် ဒီနှစ် ၂၀၂၄၂၀၂၅ ပညာသင်နှစ်ကစပြီး ၈ တန်းအထိ စတင်ဖွင့်လှစ်သင်ကြားသွားဖို့ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

ဂါလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ ဒီနှစ်ပညာသင်နှစ်အတွက် လက်ရှိနာမည်စရင်းကောက်ခံထားချက်အရ ကျောင်သားပေါင်း ၃၀၀ ကျော်ရှိပြီဖြစ်ပြီး ကျောင်းဆရာ၊ ဆရာမအားလုံး ၄၄ ဦးရှိတယ်လို့ သိရပါတယ်။

လက်ရှိ ကျောင်းဖွင့်ချိန်ကာလ ရှမ်းမြောက်မှာ တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထိန်းချူပ်ထားတဲ့ နယ်မြေတွေမှာ ကျောင်းသားများ ပညာရေးမှာ လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ပတ်သက်ပြီး တားဆီးပိတ်ပင်မှုတွေကြောင့်  ပြသနာများစွာဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button