သတင်း

မျောမောပါရွာက ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေ

ချီဖွေမြို့နယ် မျောမောပါကျေးရွာအထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးရေလျှံမှုကြောင့် တိမ်းရှောင်နေရတဲ့ဒေသခံပြည်သူအယောက် ၂၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ မနက် ၄ နာရီဝန်းကျင်ကစပြီး ချီဖွေမြို့တစ်လျှောက်နဲ့  ချီဖွေမြို့ကနေ ၈ မိုင်ခွဲ အကွာမှာရှိတဲ့ မျောမောကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေကြီးမှုကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေသခံပြည်သူတွေဟာ မျောမော်ကျေးရွာအောက်ပိုင်းမှာ ပြောင်းရွေ့နေထိုင်နေကြပြီး ဆွေမျိုးသားချင်း၊ မိတ်ဆွေ၊ ဘုရားကျောင်းဝန်းတွေမှာ ခိုလှုံနေကြပေမဲ့ နေရာထိုင်ခင်း၊ အစားအသောက် အခက်အခဲတွေရှိနေတယ်လို့ ချီဖွေမြို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

သူတို့က အခုလောလောဆယ် ကျေးရွာအောက်ဘက်မှာ ရွေ့ပြောင်းနေနေကြရတာပေါ့၊ အခုသူတို့က ဘုရားကျောင်းတွေမှာ ဆွေမျိုးတွေရဲ့နေအိမ်၊ အသိအိမ်တွေမှာ နေကြတယ်တဲ့၊ ဒါပေမဲ့ အခုက မိုးကာတဲတွေလုပ်ပြီးနေမယ်လို့ပြောတယ်၊ ဆိုတော့ သူတို့မှာ မိုးကာတွေ လိုအပ်နေတယ်၊ ပြီးရင် အစားအသောက်ဆိုလည်း အခက်အခဲရှိနေကြတယ်လို့ပြောပါတယ်။

အထက်ပါ ရေကြီးမှုကြောင့် မျောမော်ကျေးရွာမှာ နေအိမ်အလုံး ၄၀ ကျော်ထိခိုက်ပျက်စီးခဲ့တဲ့ ထဲက နေအိမ် ၉ လုံးဝန်းကျင်ကတော့ ရစရာမရှိအောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် မျောမော်ဒေသခံတွေဟာ ရေကြီးရေလျှံဖြစ်တဲ့အချိန် မသန့်ရှင်းတဲ့ရေတွေကို အထိအတွေ့များခဲ့တဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးအပိုင်းတွေမှာလည်း ထိခိုက်မှုတွေရှိလာတာကြောင့် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

ရေထဲက အညစ်အကြေး အပုပ်နံ့နဲ့ ရွံ့ရေတွေ ရှူမိသောက်မိတာများသွားတော့ ဖျားနာတဲ့သူတွေရှိတယ်၊ အအေးမိနှာစေးတာတွေရှိတယ်တဲ့၊ အဲ့တာကြောင့် ဆေးဝါးတွေဆိုရင်လည်း အများကြီး လိုအပ်နေတာပေါ့လို့ပြောပါတယ်။

ရေဘေးသင့် မျောမော်ဒေသခံပြည်သူတွေအတွက် တက်နိုင်တဲ့ဘက်က အကူအညီတွေ ပေးနေပေမယ့် မြစ်ကြီးနားကနေ ချီဖွေထိ လမ်းခရီးပိုင်းမှာ ဂိတ်စုစုပေါင်း ၁၁ ဂိတ်လောက်ရှိတာဖြစ်ပြီး ပိုက်ဆံကောက်ခံတာ၊ စစ်ဆေးရေးတင်းကြပ်တာ လုပ်ဆောင်တဲ့အတွက် ကူညီတဲ့အပိုင်းမှာလည်း အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။

အိမ်ခြေ ၈၀ ဝန်းကျင် လူဦးရေ ၃၀၀ ကျော်ရှိ မျောမော်ကျေးရွာကို အထက်ပိုင်းနဲ့ အောက်ပိုင်းနှစ်ခုခွဲထားတာဖြစ်ပြီး ရေကြီးရေလျှံဖြစ်တာကတော့ မျောမော်ကျေးရွာ အထက်ပိုင်းမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မျောမောကျေးရွာနဲ့ ၈ မိုင်လောက်ဝေးတဲ့ ဇန်နောင်ယန်ကျေးရွာမှာလည်း မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေအိမ် ၉ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့ လည်းသိရပါတယ်။

မျောမောပါရွာဟာ ချီဖွေမြို့နဲ့ ၈ မိုင်အကွာရှိ မေခမြစ်ရဲ့ အနောက်ဘက်ကမ်းမှာရှိပြီး အခုလိုရေကြီးရေလျှံမှုဖြစ်တာဟာ ၁၀ နှစ်တစ်ကြိမ်ဖြစ်လေ့ရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button