သတင်း

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်နေ့အဖြစ် မြစ်ဆုံဒေသခံပြည်သူတွေ သစ်ပင်စိုက်တဲ့အစီအစဉ်ပြုလုပ်

ဇွန်လ ၅ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) အထိမ်းအမှတ်အဖြစ် မြစ်ဆုံဒေသခံပြည်သူတွေ သစ်ပင်စိုက်တဲ့အစီအစဉ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အပူချိန်မြင့်တက်မှု၊ တရားမဝင် ရွှေတူးဖော်မှု၊ သတ္တုတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာရတဲ့အတွက် အဲ့ဒီအရာတွေကို တစ်ဖက်တစ်လှမ်းကတဆင့် အကူအညီဖြစ်စေနိုင်ဖို့ အခုလို အစီအစဉ်လုပ်ရတာဖြစ်တယ်လို့ အောင်မြင်သာဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

အခု ကျွန်မတို့ ကမ္ဘာကြီးက အရမ်းကို အပူချိန်မြင့်တက်လာတယ်၊ မြစ်ရေချောင်းရေ တွေလည်းအကုန် ပြောင်းလဲကုန်တာဟာ သဘာဝသတ္တုတွေအလွန်အကျွံတူးဖော်တာ၊ သစ်ပင်တွေ ခုတ်ဖြတ်တာ တွေကြောင့်ပေါ့နော်၊ အဲ့တာတွေကြောင့် ကျွန်မတို့အနေနဲ့ ကမ္ဘာ့အဆင့်ထိတော့ မလုပ်နိုင်ပေမဲ့ တက်နိုင်တဲ့ဘက်က ကိုယ့်ရပ်ရွာကနေ နည်းနည်းပါးပါးဖြစ်ဖြစ် အကူအညီဖြစ်စေချင်တာပေါ့လို့ပြောပါတယ်။

သစ်ပင်စိုက်တဲ့ အစီအစဉ်မှာ လူဦးရေစုစုပေါင်း ၆၀ ယောက် ပါဝင်ခဲ့တဲ့အပြင် အနီးအနားက ကျေးရွာပေါင်း ၈ ခုမှာလည်း ပျိုးပင်၊ ပန်းပင်တွေကို လိုက်ဝေခဲ့ပြီးတော့ သစ်ပင်တွေလည်းစိုက်ပျိုး ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမဲ့အရာတွေကို စည်းမဲ့ကမ်းမဲ့ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ရေကြီးရေလျှံမှုတွေ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးရွာလာမှာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ တစ်ယောက်ကပြောပါတယ်။

သစ်တောတွေ အားလုံးပြုန်းတီးသွားပြီ၊ ကိုယ်ကျိုးအတွက်ဘဲ အားလုံးလုပ်စားသွားကြတော့ အဲ့ဒီသက်ရောက်မှုက ဒီနှစ်မှာ အစောကြီး သက်သေပြလာပြီ၊ ရေတွေကြီးလာတယ်။ ဒါတွေက သမာရိုးကျ ရိုးရိုးဆိုပြီး တွေးလို့မရဘူး တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာမှာ၊ မိုးရေတွေကို စုပ်ယူထားမဲ့ သစ်တောတွေက မရှိတော့ဘူးလေလို့ပြောပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆ်ိုးရွာမှုမှာလုပ်ငန်းရှင်ကြီးတွေက အကျိုးအမြတ်ရရှိနေကြပြီး နောက်ဆက်တွဲဆိုးကျိုးတွေကိုတော့ တောင်ပေါ်ဒေသခံပြည်သူတွေ ဒုက္ခရောက်ကြမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ကချင်ပြည်နယ်မှာ နှစ်စဉ်နှစ်တိုင်း မိုးကြီးရေကြီးတဲ့ ဘေးဒဏ်နဲ့ တောင်ပြို ကမ်းပါးပြို၊ လမ်းပြိုတာတွေဟာ မိုးတွင်းကာလ မိုးရွာသွန်းမှုနှုန်း ဆိုးရွာချိန် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ အများစု ဖြစ်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ မေလကစပြီး ရေကြီးရေလျှံဖြစ်စဉ်တွေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button