တိုက်ပွဲသတင်း

ဆဒုံး – ကန်ပိုက်တည်လမ်းက ၁၃ မိုင်စုပေါင်းဂိတ်နဲ့ ဘွမ့်တောင်တပ်စခန်း ၂ ခု KIA သိမ်းပိုက်

ဝိုင်းမော်မြို့နယ် ဆဒုံးကန်ပိုင်တည်လမ်းမပေါ်ကျန်ရှိ‌ နေ‌သေးတဲ့စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်အထိ တပ်စခန်း ၂ နေရာကို သိမ်းပိုက်ထားပြီလို့သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက ဇွန်လ ၁၁ ရက်နေ့ ဒီကနေ့ အစောပိုင်း ၄ နာရီဝန်းကျင်လောက်ကနေ ဆဒုံးကန်ပိုင်တည် ကားလမ်းတစ်ကြောမှာရှိတဲ့ ဝါရှောင်ကျေးရွာအနီး ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်(Bum Tawng)ပြည်သူ့စစ်စခန်း၊ ဒိန်ဂါတပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို တပြိုင်နက်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။

ဂေါ်ဆက်ယန် ချီဖွေသွားလမ်း ၁၃ မိုင် စုပေါင်းဂိတ်၊ ဆဒုံးဗျူဝမ့်ကောင့်(Wang Kawng) တပ်စခန်းကုန်း၊ ဘွမ့်တောင်ပြည်သူ့စစ်ခန်း ပြီးရင် ဂိန်ဂါဗျူဟာတပ် အဲဒီတပ်စခန်း ၄ ခုကို တိုက်ခိုက်နေတာဖြစ်တယ်လို့ပြောပါတယ်။

အဲဒီ တပ်စခန်း ၄ နေရာကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်အထိ ဝါရှောင်ကျေးရွာအနီး ၁၃ မိုင်စုပေါင်းဂိတ်နဲ့ ဘွမ့်တောင်တပ်စခန်း ၂ နေရာကို KIA တပ်တွေ သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

ဆဒုံးဝမ့်ကောင့်ဗျူဟာကုန်းနဲ့ ဒိန်ဂါတပ်စခန်းနေရာတွေမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ နောက်ထပ် KIA နဲ့ နီးစပ်သူ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ဝါးရှောင်အနီး ချီဖွေနဲ့ ဆဒုံးသွားလမ်းက စုပေါင်းဂိတ်နဲ့ စုပေါင်းဂိတ်နဲ့ အထက်မှာရှိတဲ့ ဘွမ့်တောင်တပ်စခန်း ၂ နေရာကို သိမ်းလိုက်ပြီလို့ သတင်းရတယ်။ ဆဒုံးဗျူဟာကတော့ အခုချိန်အထိ တိုက်နေတုန်းပဲရှိသေးတယ်။ ပြီးရင် ဒိန်ဂါယန်မှာလည်းတိုက်ပွဲတွေဖြစ်နေသေးတယ်လို့ပြောပါတယ်။

ဒိန်ဂါယန်တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း KIA က တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဘင့်ပူကောင့်(Bin Pu Kawng)နဲ့ ဝထောင်ဘွမ့်(Wahtau Bum) စတဲ့တိုက်ပွဲနေရာက စစ်ကောင်စီတပ်သားတစ်ချို့ ဒိန်ဂါစစ်တပ်ကုန်းအောက်ဖက်နေရာတွေမှာ ကျန်ရှိနေသေးတာကြောင့် KIA က ထပ်မံရှင်းလင်းရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ဆဒုံဗျူဟာတပ်စခန်းက ဆဒုံးမြို့ရဲ့ ရှေ့ဘက်ခြမ်းတောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ တပ်စခန်းဖြစ်ပြီး ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ဗျူဟာတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

၁၃ မိုင်းစုပေါင်းဂိတ်နေရာက ဝါရှောင်ကျေးရွာအကျော် ချီဖွေနဲ့ ဆဒုံးကားလမ်းမ နှစ်ခွမှာ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး နှစ်ရှည်အထိုင်ချထားတဲ့ စုပေါင်းဂိတ်တစ်ခုဖြစ်ပြီး KIA တပ်တွေက ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

အဲဒီစုပေါင်းဂိတ်နေရာဟာ ချီဖွေ၊ ဆဒုံး၊ ကန်ပိုင်တည်သွားတဲ့ ခရီးသည်နဲ့ ကားသမားတွေကို စစ်ဆေးရေးအလွန်တင်းကြပ်တဲ့ စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သလို KIA တပ်တွေက စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကြီးတွေ မကြာခဏ သွားရောက်ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။

ဘွမ့်တောင်ပြည်သူ့စစ်တပ်စခန်းကတော့ ၁၃ စုပေါင်းဂိတ်အထက်နားမှာရှိတဲ့ လုံခြုံရေးရှေ့တန်းတပ်စခန်းတစ်ခုဖြစ်ပြီး အဲဒီစခန်းမှာ စစ်အင်အား အနည်းငယ်သာရှိပေမယ့် စုပေါင်းဂိတ်အပါ ဆဒုံကန်ပိုင်တည်လမ်းအတွက် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက ဝိုင်းမော်မြို့နယ်ထဲက ဆဒုံးကန်ပိုင်တည်သွားလမ်းပေါ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို ဇွန်လအတွင်းမှာ အပြီးသတ်သိမ်းပိုက်ဖို့ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလထဲမှာက ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်နဲ့ ဝိုင်းမော်မြို့အနီးဆုံးနေရာက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်လောက်ကို သိမ်းပိုက်ထားတာဖြစ်ပြီဖြစ်ပါတယ်။

လက်ရှိ ဝိုင်းမော်မြို့နယ်ထဲမှာ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း နှစ်ခုသာ ကျန်ရှိနေပြီလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button