သတင်း

မိုးကောင်းမှာ လျှပ်စစ်မီးပျက်တာ ၄ ရက်ရှိပြီ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက လျှပ်စစ်မီးပျက်သွားပြီး မီးပျက် နေတာ ၄ ရက်ရှိသွားပြီလို့ဒေသခံတွေကပြောပါတယ်။

မိုးကောင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းရာကနေ မိုးကောင်းမြို့ကို မီးပေးနေတဲ့ရေအားလျှပ်စစ်က သဲနုံးပိတ်ဆို့သွားတာကြောင့် မီးမပေးနိုင်တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ကျနော်တို့ဆီမှာ လက်ရှိမီးပျက်တာ ၄ ရက်လောက်ရှိပြီ။ လက်ရှိမီးမလာတာက ရေအားလျှပ်စစ်မှာ သဲနုံး ဆို့ပြီးတော့ သူတို့စက်တွေမမောင်းနိုင်တဲ့အတွက်မီးမပေးနိုင်တာလို့ပြောပါတယ်။ ပြီးရင် နေကမပူ မိုးက သည်းတော့ ဆိုလာစနစ်ကလည်း သုံးလို့မရဘူးပေါ့လို့ပြောပါတယ်။

လျှပ်စစ်မီးမပျက်ခင် ဇွန်လ ၂၉ ရက်နေ့မတိုင်ခင်ကလည်း မိုးကောင်မြို့မှာ ၂ နာရီခြားတစ်ခါသာ ခွဲတမ်းနဲ့ မီးရနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ မိုးကောင်းချောင်းကလည်း ရေဆက်တိုက်မြင့်တက်နေပြီးတော့ မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေ အမှတ်ဟာ ဒီကနေ့ ညနေ ၅ နာရီခွဲအထိ ၅၉၃ စင်တီမီတာရောက်ရှိနေပြီလို့ မိုး/ဇလ ကသတင်းထုတ်ပြန် ထားပါတယ်။

မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေ အမှတ် ၆၀၀ စင်တီမီတာ ရောက်ဖို့ ၈ စင်တီမီတာ ပဲလိုတော့သလို နောက်ထပ် ၆ နာရီအတွင်း မြို့ရဲ့ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်လာတဲ့အတွက် ကယ်ဆယ်ရေးအတွက်လည်း ပြင်ဆင်နေရတာတွေရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

လက်ရှိကတော့ ရွှေ့ပြောင်းဖို့အတွက် လှေတွေ၊ မော်တာယာဥ်တွေကို မီးသတ်ဦးစီးဌာနနဲ့ပေါင်းပြီးတော့ ပြင်ဆင်ထားတာတော့ရှိပါတယ်။ စိုးရိမ်ရေအမှတ်တော့မရောက်သေးဘူးပေါ့လေ။ ရွှေ့ပြောင်းကယ်ဆယ် တာတွေတော့ဘာမှမလုပ်ရသေးပါဘူးလို့ ရင်ငြိမ်းပန်း ပရဟိတကွန်ယက်က တာဝန်ရှိသူတစ်ယောက်က‌ ပြောပါတယ်။

မိုးကောင်းချောင်းဟာ နန့်ယင်းချောင်းနဲ့နန့်ကောင်းချောင်းဆုံရာကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး လက်ရှိ နန့်ယင်းချောင်းရေဟာ ဆက်တိုက်မြင့်တက်နေတဲ့အတွက် ရေကြီးရေလျှံဖြစ်လာမယ့်အနေအထားလို့ ဒေသခံတွေကလည်း ခန့်မှန်းနေကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button