သတင်း

ချီဖွေမှာ မြေပြိုမှုကြောင့် လမ်းပိတ်နေပြီး လျှပ်စစ်မီးပြတ်တောက်နေ

ကချင်ပြည်နယ် ချီဖွေမြို့မှာ မိုးသည်းထန်စွာရွာပြီး မြေပြိုတာတွေကြောင့် ကားလမ်းပိုင်းမှာ လမ်းပိတ်ဆို့နေတဲ့အပြင် မြို့တစ်ခုလုံးလည်း လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မေခမြစ် ရေကြီး‌ ရေလျှံတာ၊ ချီဖွေမြို့နဲ့ နန်းဦးကျေးရွာကြားမှာ မြေပြိုတာတွေကြောင့် ကားလမ်းပိုင်းတွေပိတ်ဆို့နေတယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။

ချီဖွေနဲ့ နန်းဦး ကြားမှာ မြေတွေပြိုကျတာ တော်တော်လည်းဆိုးနေတယ်။ မိုးတအားရွာတာရေ၊ တစ်ချို့နေရာမှာက ရေကြီးပြီး မြေပြိုကျတာတွေရှိတယ်။ အဲကြောင့် ကားတွေလည်းဖြတ်လို့မရဘူး။ နန်းဦးအထက်နားမှာ ဖြစ်နေတာ။ ကျန်တဲ့နေရာတွေမှာလည်း ဖြစ်တယ်။ ဒါပေမယ့် အဲဒီနေရာမှာက အဆိုးဆုံးဖြစ်နေတယ်လို့ပြောပါတယ်။

ချီဖွေမြို့မှာ ရေကြီးလျှံဖြစ်တာကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေရ

အခုလို ချီဖွေကားလမ်းပိုင်းမှာ မြေပြိုနေတာကြောင့် ချီဖွေမြစ်ကြီးနား အတက်အဆင်း ကားတွေက သွားလာလို့မရဘဲ လမ်းပိတ်ဆို့မှုဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချီဖွေမြို့သွားတဲ့ ကားလမ်းပိုင်းမှာ မြေပြိုကျမှုထဲ မီးတိုင်တွေလည်းလှဲကျပျက်စီးတာတွေလည်း ရှိနေတဲ့အတွက် ချီဖွေမြို့ထဲ လျှပ်စစ်မီးပြတ်နေတာ ၂ ရက်လောက်ရှိလာပြီလို့ ချီဖွေဒေသခံက ဆက်ဆိုပါတယ်။

မီးတိုင်တွေလည်း ကျိုးကျပျက်စီးတဲ့အတွက် မီးမရတာ ၂ ရက်လောက်ရှိလာပြီ။ ရေလည်းတအားကြီးတော့ ဖုန်းလိုင်း၊ လျှပ်စစ်မီးတွေအကုန် ဘာမှမရတော့ဘူး။ ဖုန်းလိုင်းတောင် CDM တစ်ခုပဲ ရနေတယ်။  မီးတွေ ပြန်ရဖို့ဆိုရင် ၁၀ ရက်လောက်တော့ ကြာအုံးမယ်လို့တော့ ကြားတယ်။ ရေကပြန်ကျသွားတော့ လမ်းရှင်းလင်းရေးတွေက ဒီကနေ့ကနေ လုပ်နေပြီလို့တော့ သိရပါတယ်လို့ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့ကစတင်ပြီး ကချင်ပြည်တစ်ပြည်အတိုင်းအတာနဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့် ၊ တနိုင်း စတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံဖြစ်တာကြောင့် ပြည်သူတွေက ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

အလားတူ ချီဖွေမြို့ပေါ်မှာလည်း မေခမြစ်ရေကြီးရေလျှံဖြစ်တာကြောင့် ဒေသခံပြည်သူတွေ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီးတော့ ကုန်းမြင့်တဲ့နေရာဘက်ကို တိမ်းရှောင်ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ ဒီကနေ့မှာတော့ မေခမြစ်ရေပြန်ကျသွားတာကြောင့် မြို့ပေါ်ရပ်ကွက်က ရေဘေးအန္တရာယ်ကြုံတွေ့ကြတဲ့ ဒေသခံတွေ နေအိမ်တွေမှာ သန့်ရှင်းရေးတွေလုပ်ပြီး ပြန်လာနေထိုင်ကြပြီလို့လည်းသိရပါတယ်။

ချီဖွေမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာလည်း တစ်ကြိမ် မြို့တစ်ခုလုံးရေကြီး ရေလျှံတစ်ကြိမ်ဖြစ်ပြီးတော့ ယခုဇွန်လမှာ ဒုတိယအကြိမ် ရေကြီးတာလို့ ဒေသခံတွေကပြောပါတယ်။

အခုလို ချီဖွေမြို့မှာ လပိုင်းသာခြားပြီး ရေကြီးရေလျှံဖြစ်တဲ့ ဖြစ်စဉ် နှစ်ကြိမ်တိတိကို ဒေသခံတွေက ကြုံတွေ့ရတာဖြစ်ပါတယ်။

ဒေသခံပြည်သူတွေပြောဆိုနေတာက သဘာဝသယံဇာတ အလွန်အကျွံတူးဖော်တာတွေရှိနေတာကြောင့် သဘာဝရေဘေးအန္တရာယ်ကို ခပ်စိပ်စိပ် ကြုံတွေ့လာရတာဖြစ်တယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button