ရေဘေးကြောင့် နေအိမ် ၈၀ ကျော်ပျက်စီးသွားတဲ့ မြစ်ဆုံဒေသ ခန်းပူရွာပြည်သူတွေ ကူညီလိုအပ်နေ
မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ခန်းပူ(Hkang Pu)ကျေးရွာက နေအိမ် ၈၀ ဝန်းကျင်ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေပါတယ်။
ဖုန်းအင်တာနက် ဆက်သွယ်ရေးလိုင်းခက်ခဲပြီး သွားလာရေးအခက်ကြောင့် အကူအညီတွေမရောက်ရှိနိုင်သေးတဲ့ နေရာတွေထဲမှာ ခန်းပူကျေးရွာလည်းတစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိမှာ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေ အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။
“အိမ်ပျက်စီးသွားတဲ့သူတွေလည်း ဘာမှမလုပ်ယူနိုင်သေးဘူး။ အိမ်ခြေ ၆ ခုက အစကနေ အိမ်ပြန်ဆောက်လုပ်ယူရတော့မယ်။ လောလောဆယ်ဖျားနာတာတွေလည်း အများပိုင်းဖြစ်နေတယ်။ ဆေးဝါးလည်းခက်ခဲတယ်။ ရေဘေးကြုံပြီး အခု ၂ ပတ်ကျော်ထိဆိုရင် ဆန်၊ဆီဆား ကူညီမှု ၂ ဖွဲ့တော့ရောက်တယ်။ ခန်းပူလိုင်းမမိတော့ ရေဘေးကြုံနေတဲ့အချိန်လည်းဘယ်သူနဲ့မှ ချိတ်ဆက်မှုမရဘူး။”လို့ ခန်းပူကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြစ်ဆုံဒေသ ဧရာ၀တီမြစ်ကမ်းဘေးရှိ ခန်းပူကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အထဲ အိမ်ခြေ ၈၈ က ရေဘေးကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒီထဲမှာ အိမ်ခြေ ၆ ခုက နေအိမ်တစ်ခုလုံး ရေထဲမျှောပါသွားတာနဲ့ ပျက်စီးသွားတာတွေရှိတာကြောင့် လက်ရှိ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတဲ့အပြင် ရေကြီးပြီးနောက် ကျန်းမာရေးထိခိုက်တဲ့သူတွေလည်းရှိနေပြီး ဆေးဝါးအခက်အခဲတွေလည်း အခက်ကြုံနေတယ်လို့ ပြောပါတယ်။
“လမ်းတံတားတွေလည်းပျက်စီးသွားပြီဖြစ်တာကြောင့် သွားလာရေးခက်ခဲတယ်။ မီးတိုင်တွေလည်း ကျိုးသွားလို့ မီးလည်းခက်တယ်။ အစားအသောက်နဲ့ ဆေးဝါးတွေ အရမ်းခက်နေတယ်။ အကူအညီတွေလည်း အပြင်ဘက်ကနေ သီးသန့်ဘယ်သူမှ မရောက်နိုင်ဘူး။ အခုက ပြန်လည်ထူထောင်ရေး အဓိက လိုအပ်နေတယ်။ ဒီရွာက ရွာပြင်ဖြစ်တာကြောင့် အားလုံးသိရှိနိုင်ဖို့ခက်တယ်။ ပြီးရင်ရောက်ရှိနိုင်ဖို့ခက်တာကြောင့် မရောက်ရှိသလောက်ဖြစ်နေတယ်။” လို့ သူမက ဆက်ပြောပါတယ်။
လက်ရှိ ရေဘေးအန္တရယ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့နေအိမ်တွေမှာ နေလို့မရတော့တဲ့သူတွေရှိသလို ၊ အိမ်အလုံးလိုက်မရှိတော့တဲ့သူတွေဟာ နီးစပ်ရာ အသိ၊ဆွေမျိုးတွေနဲ့ အဆောက်အဦးတွေမှာ ယာယီခိုလှုံနေကြသေးတယ်လို့ ပြောပါတယ်။
မြစ်ဆုံဒေသ မလိယန်ကျေးရွာနဲ့ ခန်းပူကျေးရွာဟာ ရေကြီးပြီး နေအိမ်တွေထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုအဆိုးဆုံးကြုံတွေ့ရတဲ့ကျေးရွာတွေထဲက အပါအဝင်ဖြစ်ပါတယ်။
တစ်ဖက်မှာ မြစ်ဆုံအထက် ဆွမ်ပရာဘွမ်သွားလမ်းပေါ် တယန်ဇွပ်ကျေးရွာမှာလည်း လမ်းခရီးအခက်အခဲကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေမရောက်ရှိနိုင်သေးသလို ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ အိမ်ခြေများစွာရှိနေတာဖြစ်ပါတယ်။
မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေထဲ ရေဘေးအန္တရယ်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမဲ့ တစ်ဖက်မှာ လမ်းခရီးအခက်အခဲကြောင့် မရောက်ရှိနိုင်သေးတဲ့ ကျေးရွာတွေရှိနေသလို အင်တာနက်အခက်ခဲကြောင့် လူသိရှိသူနည်းပြီး ဒုက္ခရောက်နေသူတွေ များစွာရှိနေပါတယ်။
By – ဂျာဘောက်ရာ