ဝိုင်းမော်မြို့နယ်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဝူယန်ပြည်သူ့စစ်တပ်စခန်းပတ်လည် ကတုတ်ကျင်းတူးတာ၊ ကျေးရွာအတွင်း လမ်းနေရာတစ်ချို့မှာ လုံခြုံရေးတင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝူယန်နဲ့ ခကွမ်(Hkakrum) ကျေးရွာသွားတဲ့လမ်းတစ်လျှောက် စစ်အင်အား ၁၀၀ ဝန်းကျင်အသုံးပြုပြီး လမ်းနေရာတစ်ချို့ကိုပိတ်ဆို့တာ၊ လမ်းကြားတစ်ချို့မှာ ကတုတ်ကျင်းတူးတာအပြင် လုံခြုံရေးတင်းတင်းကြပ်ကြပ်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။
အဲဒီနောက် ဇူလိုင်လ ၁၇ ရက်နေ့ ဒီကနေ့မှာတော့ ဝူယာန်ပြည်သူ့စစ်တပ်စခန်းဝင်းနေရာ ပတ်ပတ်လည်ကို လူတစ်ရပ်စာလောက်နက်တဲ့ ကတုတ်ကျင်းထပ်ပြီး တူးလိုက်ပြိီဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ပြည်သူတစ်ချို့က လမ်းတူးဖော်လိုက်တယ်လို့တော့ ပြောနေကြတယ်။ ဒါပေမယ့် ဝူယန်ပြည်သူ့စစ်စခန်း ပတ်ပတ်လည်ကို လူတစ်ရပ်စာနက်ပြီး တူးဖော်နေတယ်။ အဲလိုတူးနေတူးနေလို့ အနီးဘေးပတ်ဝန်းကျင်က နေအိမ်တွေအထိ ပါသွားတာတွေရှိတယ်လို့ ပြောနေကြတယ်။ အခုက ဝါးထံရံကာထားတဲ့ နေရာကို လိုက်ပြီး တူးလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။
ဝူယန်ပြည်သူ့စစ်ဝင်းနေရာပတ်လည်ကို ကတုတ်ကျင်းတူးရာမှာ ဘေးပတ်ဝန်းကျင်နေအိမ်အထိ ပါသွားတာတွေရှိနေတယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။
ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဝူယန်ပြည်သူ့စစ်စခန်းနေရာကို အရင်ကကတုတ်ကျင်းတူးတာတွေမရှိပေမယ့် လက်ရှိဝိုင်းမော်စစ်ရေးအခြေအနေအရ လုံခြုံရေးအတွက် စိုးရိမ်လာတဲ့အတွက် စစ်ရေးပြင်ဆင်မှု သိသိသာသာလုပ်ဆောင်လာတာဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။
“အဓိကတော့ ဝိုင်းမော်စစ်ရေးအခြေအနေက ခလရ ၅၈ တပ်ရင်းနဲ့ အလွန်နီးကပ်သွားပြီးဖြစ်တဲ့အတွက် လုံခြုံရေးတင်းကြပ်ထားတာလို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ၅၈ ပါသွားပြီဆိုရင် မြောက်ပိုင်းတိုင်းနဲ့ နီးသွားပြီ။ ရှေ့တန်းမှာ အဲဒီတပ်ရင်းတစ်ခုသာ ကျန်တော့တာဖြစ်တဲ့အတွက် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ခံတပ်စခန်းအနေနဲ့ ပိုပြီး လုံခြုံရေးအတွက် လုပ်ဆောင်နေတယ်လို့မြင်ပါတယ်”လို့ပြောပါတယ်။
ဒါ့အပြင် ခလရ ၅၈ တပ်ရင်းရှိတဲ့ ခကရွမ်နဲ့ဝူယန်ကျေးရွာမှာကြားမှာလည်း လမ်းတွေပိတ်ပြီး လုံခြုံရေးတင်းကြပ်ထားတာကြောင့် ဝိုင်းမော်ဒေသခံ ပြည်သူတွေအတွက် အပြင်ထွက်သွားလာလို့မရတော့တဲ့အခြေနေထိ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ ဝိုင်းမော်မြို့နဲ့ အနီးဆုံး ဝူယန်ကျေးရွာ အောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ နယ်မြေစိုးမိုးထားပြီး ဝူယန်အထက်ဘက်ခြမ်း လမြန်၊ မုတ်ကျိတ် နမ်ဝါ စတဲ့ ကျေးရွာတွေရှိတဲ့ ဘက်ခြမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နေရာယူထားတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိ ဝိုင်းမော်ဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရဲ့ စစ်ရေးအခြေအနေမှာ ဝူယန်ကျေးရွာရဲ့အထက်အောက် နှစ်ဖက်စစ်တပ် စောင့်ကြည့်နေကြတဲ့ အနေအထားမှာဖြစ်တဲ့အတွက် ပြည်သူတွေ သွားလာဖို့ ခက်ခဲနေတဲ့ အခြေနေကြုံတွေ့နေရတယ်လို့ နောက်ထပ် ဝိုင်းမော် ဝူယန်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုလာပါတယ်။
“သွားရင်းလာရင်း မဖြတ်ခိုင်းတဲ့အချိန်တွေရှိတယ်။ တစ်ခါတစ်လေတော့ သွားခွင့်ပေးတယ်။ ဝိုင်းမော်ဒေသခံတွေက စစ်ရေးကြောင့် ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတာများတယ်။ တစ်ခါတစ်လေလိုအပ်လို့ ရွာထဲကို ခဏပြန်မယ်ဆိုရင်မပြန်ခိုင်းဘူး။ ဂိတ်တွေမှာပြန်ခေါက်ခိုင်းတယ်။ ဝူယန်ဘက်မှာ ပိုဆိုးတယ် သူတို့ကြည့်ပြီး သူစိမ်းပုံစံဖြစ်နေရင် ပိုစစ်တယ်။ ဖုန်းဆိုင်ကယ်၊ အားသွင်းကြိုး၊ အကုန်စစ်တယ်။ တစ်ချို့တွေဆိုရင် ရိုက်နက်ခံရတဲ့ သူတွေတောင်ရှိတယ်။ အရင်ဂိတ်မရှိတဲ့ နေရာတွေမှာ ဂိတ်တွေထားပြီး စစ်တယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝူယန်ပြည်သူ့စစ်စခန်းနဲ့ ခလရ ၅၈ တပ်ရင်း နှစ်ခုကို လက်မလွတ်ရေးအတွက် စစ်အင်အားအလုံးအရင်းနဲ့ လုံခြုံရေးတင်းကြပ်ထားတာကြောင့် တစ်ဖက်မှာ ပြည်သူတွေ သွားလာဖို့အခက်အခဲဖြစ်နေတာလည်းဖြစ်ပါတယ်။
ဝိုင်းမော်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလ လောက်ကနေ KIA ပူးပေါင်းတပ်တွေက ဝိုင်းမော်မြို့နယ်ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီးနောက် ကားလမ်းမတစ်ကြောမှာရှိကြတဲ့ ကျေးရွာအားလုံးနီးပါးခန့် စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
ဇူလိုင်လဆန်းပိုင်းအတွင်းမှာ ဝိုင်းမော်နဲ့ မြစ်ကြီးနား မြို့ပေါ်တွေမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် ဝိုင်းမော်ဒေသခံပြည်သူတွေဟာ စစ်ဘေးအပြင် တိမ်းရှောင်နေကြတဲ့ နေရာတွေမှာ ထပ်မံပြီးတော့ ရေဘေးအန္တရာယ်ကိုကြုံတွေ့ခဲ့ရတာကြောင့် လက်ရှိမှာ အကူအညီတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)