ဖားကန့်မှာ ရေကူးသင်ပေးရင်း လူ နှစ်ဦး အသက်သေဆုံးမှုဖြစ်
ဖားကန့်မြို့ ဥရုချောင်းမှာ ရေကူးသင်ရာကနေ အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင် ဖားကန့်ဆေးရုံကြီးနောက်ကျော ဥရုချောင်းမှာ တူနဲ့ တူမကို ရေကူးသင်နေရင်း တူမဖြစ်သူရေနစ်သွားတာကြောင့် လိုက်လံဆယ်ယူခဲ့ရာ တူဝရီးနှစ်ဦးစလုံး ရေနစ်သေဆုံးတာလို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“သူတို့က ဥရုချောင်းဘေးမှနေကြသူတွေပေါ့ အဲဥရုချောင်းထဲ တူနဲ့ တူမဖြစ်သူကို ရေကူးသင်နေရင်း တူမက ရေနစ်သွားလို့ ဦးလေးဖြစ်သူလိုက်ရှာရင်း ဦးလေးကော၊တူမကော ရေနစ်သေဆုံးတာဟုတ်တယ်”လို့ ပြောပါတယ်။
ရေနစ်သေဆုံးတဲ့ တူဝရီးနှစ်ဦးဟာ အသက် ၃၈ နှစ်အရွယ် ကိုအားကျူနဲ့ အသက် ၁၁ နှစ်အရွယ် မစုရတီဖြိုးတို့ဖြစ်ပြီး ဦးလေးဖြစ်သူကို မနေ့ညနေ ၄ နာရီ ၃၈ မိနစ်မှာ ရုပ်အလောင်းပြန်ရှာတွေ့တယ်လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် တူမဖြစ်သူရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးတာကြောင့် ဒီနေ့ထပ်မံရှာကြမှာဖြစ်တယ်လို့ ဖားကန့်မြို့ခံတွေ ဆိုပါတယ်။
ဖားကန့်မြို့ ဥချောင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် အသက် ၂၀ နှစ်အောက် ယောကျာ်လေးနှစ်ဦး ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးမှုဖြစ်စဉ်ရှိခဲ့သလို ဇွန်လ ၂၈ ရက်နေ့မှာလည်း အသက် ၃၁ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး ချောင်းထဲမျောပါသေဆုံးခဲ့ပါတယ်။
By – Zami