တိုက်ပွဲသတင်း

အင်းတော်မှာတိုက်ပွဲပြန်လည်ပြင်းထန်နေ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ကစတင်လို့တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်တွေက အင်းတော်မြို့နယ်အတွင်းရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေကပြောပါတယ်။

ဟုတ်ပါတယ်။ အင်းတော်ကတိုက်ပွဲပြင်းထန်နေတယ်။ ဒီကနေ့မနက်လည်း ပြန်ပြီးထိုးစစ်ဆင်နေတယ်။ အင်းတော်အခုအခြေနေကကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာဟုတ်ပါတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး အတည်ပြုပါတယ်။

တိုက်ပွဲဟာ အင်းတော်မြို့နယ်အတွင်းနောက်ဆုံးကျန်နေတဲ့ (ဒေသအခေါ် )ဂျပန်လိုဏ်ဂူနဲ့ မြို့မဘုန်းကြီး ကျောင်းတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆက်ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက ပြင်းထန်နေခဲ့တာဖြစ်ပြီး ရပ်လိုက်နားလိုက်ဖြစ်နေရာကနေ ဒီရက်ပိုင်းအတွင်းပြန်လည်ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာ ဒီတိုက်ပွဲကြောင့် မြစ်ကြီးနားမန္တလေး ကားလမ်းကိုလည်း ကာကွယ်ရေးတပ်တွေဘက်က သွားလာခွင့်ပိတ်ထားတဲ့အတွက် ကားသမားတွေဟာ တောလမ်းကိုအသုံးပြုပြီးသွားလာနေကြပါတယ်။

မြစ်ကြီးနားမန္တလေးကားလမ်းပြေးဆွဲနေတဲ့ကားသမားတစ်ယောက်က လမ်းပိုင်းအခြေနေနဲ့ပတ်သက်လို့ ခုလိုပြောပါတယ်။

မြစ်ကြီးနားလမ်းပိုင်းကတော့အဆင်ပြေပါတယ်။ ပုံမှန်အတိုင်းပဲ။ ကွင်းလမ်းကနေပေါ့ လမ်းကတော့ အခက်အခဲမရှိပါဘူးလို့ ပြောပါတယ်။

တစ်ဖက်မှာ တိုက်ပွဲကြောင့်  ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဘေးလွှတ်ရာတွေမှာ  စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊  မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကိုတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး ABSDF ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

အင်းတော်မြို့နယ်ဟာ ကချင်ပြည်နယ်နယ်စပ်မှာရှိပြီး မန္တလေးမြစ်ကြီးနားပြည်ထောင်စု လမ်းမပေါ်မှာ တည်ရှိပါတယ်။

By – အမိုး

Show More

Related Articles

Back to top button