သတင်း

ကချင် နယ်စပ်ဒေသ တည်ငြိမ်ရေးလုပ်ငန်းစဉ်တွေမှာ လူထုအင်အား ပူးပေါင်းပါဝင်ဖို့ KIO ဥက္ကဋ္ဌ ဖိတ်ခေါ်

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရရှိထားတဲ့ နယ်စပ်ဒေသတွေမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေမှာ လူထုအင်အား ပူးပေါင်းပါဝင်မှု အများအပြား လိုအပ်နေတယ်လို့ KIO ဥက္ကဋ္ဌ နှစ်သစ် မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စစ်ဆင်ရေးဟာ ၂၀၂၄ ခုနှစ်အတွင်း ကချင်နဲ့ တရုတ်ထိစပ်တဲ့ နယ်စပ်တစ်ကြောက လွယ်ဂျယ်၊ ကန်ပိုင်တည်၊ ပန်ဝါ၊ ဖီမော်၊ ကန်းဖန့်၊ စတဲ့ နယ်စပ်မြို့မြို့တွေကို သိမ်းပိုက်ခဲ့ပါတယ်။

KIO/KIA အနေနဲ့ လက်ရှိ သိမ်းပိုက်ထားတဲ့ နယ်စပ်ဒေသတွေမှာ နယ်မြေတည်ငြိမ်အေးချမ်းဖို့ ခိုင်မာတဲ့ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်နေပြီ ဖြစ်တဲ့အတွက် အခုလို အရေးကြီးတဲ့ တော်လှန်ရေးအချိန်ကာလမှာ ပြည်သူလူထုအားလုံးရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီး လိုအပ်နေတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဇန်နဝါရီလ () ရက်နေ့ နှစ်သစ်မင်္ဂလာ မိန့်ခွန်းမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တစ်ကြောက စစ်ကောင်စီတပ်စခန်းနဲ့ ပြည်သူ့စစ်တပ်စခန်းတွေ သိမ်းပိုက်ရှင်းလင်းလိုက်တာကို ပြည်သူလူထုအားလည်း မြင်တွေ့မယ်လို့ထင်ပါတယ်။ KIO/KIA အနေနဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို အခြေပြုပြီးတော့ နယ်စပ်ဒေသအားလုံးမှာ ငြိမ်းချမ်းသာယာသွားတဲ့အထိ တည်ဆောက်နိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်တယ်။ ဒီလို အရေးကြီးတဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့အခါမှာ ပြည်သူလူထုအားလုံးပါဝင်ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။ မြို့နေရာတွေကို ပြန်လည်တည်ဆောက်တဲ့အခါမှာ အသက်အရွယ်ရသေးတဲ့ လူငယ်တွေ၊ ခေတ်မှီပညာတတ်တဲ့သူတွေ၊ ကျန်းမာရေးကောင်းမွန်သူတွေ စိတ်ရှုတ်ထွေးတာတွေ မရှိဘဲ အတူတကွပူးပေါင်းပါဝင်လာဖို့ ၊ ဒေသကို ချစ်မြတ်နိုးတဲ့စိတ်ဆန္ဒနဲ့ ဝင်ရောက်လာဖို့ နိုးဆော်လိုက်ပါတယ်” လို့ ကချင်လို ပြောဆိုတဲ့ မိန့်ခွန်းမှာ ပြောဆိုထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကချင် တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ဝိုင်းမော်မြို့နယ် ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း တရုတ်နဲ့ ထိစပ်နေတဲ့ ကချင် နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရက ပိတ်လိုက်ပါတယ်။

သို့ပေမယ့် ဒီဇင်ဘာလဆန်းပိုင်းအတွင်းမှာပဲ တရုတ်အစိုးရဖိတ်ခေါ်မှုကြောင့် တရုတ်နိုင်ငံကူမင်းမြို့မှာ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ နဲ့ တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ နယ်စပ်ဂိတ်နဲ့ ပတ်သက်ပြီး တွေ့ဆုံမှုရှိခဲ့ပါတယ်။

တစ်ဖက်မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ KIO/KIA အနေနဲ့ တရုတ်အစိုးရနဲ့ တွေ့ဆုံပြီးနောက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အုပ်ချုပ်ရေးစနစ်ဖော်ဆောင်နေပြီဖြစ်တယ်လို့ ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

KIO ဥက္ကဋ္ဌ ၏ နှစ်သစ်မိန့်ခွန်းနဲ့ ပတ်သက်ပြီး ကချင်ပြည်သူတစ်ဦးက စစ်ဆင်ရေးတွေမှာ အောင်မြင်မှုတွေ အများကြီးရရှိထားပြီဖြစ်တဲ့တွက် အခုက အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ သွားဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေးထဲမှာလည်း အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အားလုံးတည်ထောင်ဖို့ လိုအပ်တယ်။ အဲဒီအတွက်လည်း ခေတ်ပညာတတ်လူတွေ အများကြီးလိုအပ်တယ်။ အခုလို ပြည်သူလူထုတွေကို ပါဝင်ဖို့ ဖိတ်ခေါ်တာလည်းကောင်းတဲ့ လုပ်ဆောင်ချက်ဖို့မြင်ပါတယ်။ အဲဒီထဲမှာ ခေတ်ပညာတတ်သူတွေကိုလည်း နေရာပေးဖို့ လိုအပ်လာတယ်။ တာဝန်ပေးတဲ့အခါမှာ ရဲရဲဝံ့ဝံ့ ပေးအပ်ရမယ်။ အဲဒီအချိန်ကျမှ အားလုံးပါဝင်တဲ့ အခင်းအကျင်းတစ်ခု ဖြစ်လာမယ်။ အရင်ကလို လာခဲ့ပါ အဲ့လိုပဲမရတော့ဘူး။ အားလုံးပါဝင်နိုင်အောင်လည်း လမ်းဖွင့်ပေးထားရမယ်” လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်တစ်ခုလုံးရဲ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လွယ်ဂျယ်နဲ့ ကန်ပိုင်တည်နယ်စပ်မြို့ နှစ်ခုကို တရုတ်အစိုးရဖိအားပေးနေတဲ့ကြား အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ကို ၂၀၂၄ ဧပြီလထဲမှာ ထိန်းချုပ်လိုက်ပြီးနောက် လက်ရှိမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာ ၁၀ လခန့်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

အလားတူ ၂၀၂၄ နှစ်ကုန်ပိုင်းမှာလည်း နှစ်ပေါင်း ၅၀ ခန့် ဦးဇခုန်တိန့်ယိန်း ၊ နယ်ခြားစောင့်တပ် BGF တို့ အုပ်ချုပ်ခဲ့တဲ့ တရုတ် နယ်စပ်တစ်ကြောက ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ကန်ပိုင်တည်၊ ကန်းဖန့်၊ ဖီဖော် စတဲ့ နယ်စပ်မြို့တွေကို စက်တင်ဘာတစ်လကျော်အတွင်းမှာပဲ အပြီးသတ်သိမ်းပိုက်လိုက် ပါတယ်။

အဲဒီဒေသက တာဝန်ရှိသူတွေကို လက်နက်ချပြီး ပြည်သူလူထုနဲ့ ရပ်တည်လာဖို့ KIO ဘက်က အကြိမ်ကြိမ်ညှိနှိုင်းပြောဆိုခဲ့ပေမယ့် လက်ခံခြင်း မရှိတဲ့အတွက် တိုက်ခိုက်သိမ်းပိုက်လိုက်ရခြင်းဖြစ်တယ်လို့လည်း KIO ဥက္ကဋ္ဌ ရဲ့ နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button