မြစ်ကြီးနား-ဝိုင်းမော် နောင်ချိန်း ကူးသို့ဆိပ်ဖြတ်သန်းခွင့် စစ်တပ်က ပိတ်ထား
ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာရှိ အရေးပါတဲ့ ဧရာဝတီမြစ် ကူးသို့ဆိပ် ဖြတ်သန်းသွားလာခွင့်ကို စစ်တပ်က ပိတ်လိုက်လို့ ဒေသခံတွေ ဖြတ်သန်းသွားလာရေးမှာ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဝိုင်းမော် နောင်းချိန်းကျေးရွာ ကူးသို့ဆိပ်ကနေ မြစ်ကြီးနားမြို့နယ် ဒွမ်ဂန်၊ အာ့လမ်ကျေးရွာဘက် ကူးတာဖြစ်ပြီး အခုလို ကူးသို့ဆိပ် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် ဒေသခံများနဲ့ စစ်ဘေးရှောင်တွေ နေ့စဉ်သွားလာရေးမှာ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။
“မြစ်ကြီးနားဘက်သွားဖို့ စက်လှေကို ပိုအသုံးပြုကြတာဟုတ်တယ် ခုစက်လှေသွားလို့မရဘူးဆိုပြီး စက်လှေဆိပ်ဆင်းတဲ့လမ်းမှာ သစ်သားတွေနဲ့ပိတ်ထားတယ်။ အာ့ကြောင့် ဗလမင်းထင်ကပဲ ပတ်သွားနေရတယ်“နောင်ချိန်းဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပြပါတယ်။
အဲဒီကူးသို့ဆိပ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က ပိတ်လိုက်တာ ဖြစ်တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“စက်လှေကူးလို့ မရတော့ဘူးတဲ့ ပိတ်ထားတာ နှစ်ပတ်လောက်ရှိလာပြီ လုံခြုံရေးကြောင့်လို့တော့ ပြောတာပဲ” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတား အထက်ဘက်ရှိ နောင်းချိန်းကျေးရွာဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာ တည်ရှိပါတယ်။ လက်ရှိ အဲဒီကျေးရွာမှာ ဝိုင်းမော်မြို့နယ် အောင်မြေ ၁၊ နောင်ဟီး၊ စန်းကားကျေးရွာက စစ်ရှောင်အများအပြား ထွက်ပြေးခိုလှုံနေထိုင်ကြတာလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန်ကစပြီး စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်ကမ်း နံဘေးရှိ ခတ်ချိုကူးသို့ဆိပ်၊ နောင်ဟီးကူးသို့ဆိပ် ဖြတ်သန်းခွင့်ကိုလည်း ပိတ်ပင်ခဲ့တာ ဒီနေ့ထိဖြစ်ပြီး လုံခြုံရေးကို တင်းကြပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်က ဗလမင်းထင်တံတား လုံခြုံရေးကို ပိုတင်းကြပ်လာသလို ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့အဝင်အထွက်ကိုလည်း ပိုတင်းကြပ် စစ်ဆေးလာတယ်လို့ သိရပါတယ်။
မြစ်ကြီးနားဟာ ကချင်ပြည်နယ်မြို့တော် ဖြစ်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ အခြေစိုက်မြို့ဖြစ်တာကြောင့် မြို့ပြင်နဲ့ မြို့တွင်း လုံခြုံရေး ပိုတင်းကြပ်လာသလို မြို့ကိုဝင်ရောက်လာနိုင်တဲ့ ဧရာဝတီမြစ်ကူး ကူးသို့ဆိပ်အားလုံးနီးပါး ဖြတ်သန်းခွင့်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ပင်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
By – Zami