ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG သယံဇာတ ကော်မတီအတွင်းရေးမှူး ဆရာအရိန္ဒာမာ ဇန်နဝါရီလ ၂ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
လုပ်ကြံခံရသူ ဆရာအရိန္ဒာမာ ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးအရာရှိ CDM တစ်ဦးဖြစ်ပြီး တော်လှန်အစိုးရအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာက တစ်ဆင့် အသိပေးထားပါတယ်။
“အစပိုင်းမှာတော့ ဆိုင်ကယ်အက်စီးဒင့်ကြောင့်လို့ သတင်းပို့လာပေမယ့် စစ်ဆေးချက်အရ သေနတ်ပစ်ခံ ထားရတာဖြစ်ကြောင်းအတည်ပြုပါတယ်” လို့ဆိုထားပါတယ်။
အသက် ၅၀ ကျော်အရွယ် ဆရာအရိန္ဒာမာ ဟာ ကောလင်းမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ ၁ နာရီ ကျော်သွားရတဲ့ ရှမ်းကလုံးရွာနဲ့ ရွှေတွင်းရွာကြားမှာ လုပ်ကြံခံရတာလို့ သိရပါတယ်။
ဆရာအရိန္ဒာမာ လုပ်ကြံသတ်ဖြတ်ခံရတဲ့နေရာဟာ ကောလင်းမြို့အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး ဒီဒေသ တစ်ဝှိုက်ကို ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာလို့ သိရပါတယ်။
လက်ရှိမှာတော့ အမှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲအခြေနေဖြစ်တယ်လို့ ကောလင်းမြို့ နယ် ကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ ကနီမြို့နယ် NUG ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေး၊ ဇနီးနဲ့ လသား အရွယ်ကလေးငယ်တို့ နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
By – အမိုး