စစ်ရေးသတင်း

KIA သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ပူတာအိုမြို့နယ် နဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကြားရှိ ဆွမ်ပီယန်၊ တန်ဂျာကျေးရွာတွေမှာ ထိုင်ထားတဲ့စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ရက်နေ့ကနေ ဇန်နဝါရီလ ၃ ရက်နေ့အထိ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတယ်လို့ ပူတာအိုမြို့ မူလာရှီးဒီ ရပ်ကွက်က အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ကြားရတာ ဆက်တိုက်တော့ကြားနေရတယ်။ ဒီနေ့ကမနက် ရှစ်နာရီမှာ ငါးချက်ပစ်တယ်။ မနေ့ကလည်း လေး၊ငါးချက်ပစ်တယ်။ အသံတော့တော်တော်ကျယ်တယ်ဗျ အဝေးကြီးမှာကြားရတာတန်ဂျာဘက်၊ဆွမ်ပီယန်ဘက်ဟုတ်တယ်”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာနဲ့ ပတ်သက်ပြီး ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခွန်စိုင်းခမ် က “သူတို့စစ်ကောင်စီဘက်က ရမ်းသမ်းမှန်းသမ်းပစ်နေတာ ဟုတ်တယ်။ ကျွန်တော်တို့ဘက်ကမရှိဘူးဗျ စစ်ကောင်စီကစိုးရိမ်ပြီး ရမ်းသမ်းပစ်ခတ်နေတာ တိုက်ပွဲ ဖြစ်တာလည်းမရှိဘူးဗျနှစ်ရက်လောက်ရှိပြီအဲ့လိုပစ်နေတာ ရမ်းသမ်းပြီပစ်တဲ့ အဆင့်ပါ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ KIA နဲ့ KPDF ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့၊ အင်စိုင်ယန်ကျေးရွာ၊ ဆွမ်ပီယန်ကျေးရွာဘက်တွေကို ပစ်ခတ်နေတာလို့ သိရပြီး ထိခိုက်ပျက်စီးမှုရှိ မရှိကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဆွမ်ပရာဘွမ်မြို့မှာ ထိုင်ထားတဲ့ ခလရ ၄၆ တပ်ဗျူဟာကုန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက မေလ ၅ရက်နေ့မှာ သိမ်းခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ လက်နက်ကြီးထိုင်ထားတဲ့ တန်ဂျာကျေးရွာ ရှေ့တန်းစခန်းကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လမှာ သိမ်းပိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီတပ်က ပြန်ထိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ၂၃ရက်နေ့အထိ သုံးရက်ဆက်တိုက် ပူတာအိုမြို့ပတ်ပတ်လည်ကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်တစ်စီး နဲ့ ဝေဟင်ကင်းထောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button