ကချင်မှာ တစ်နှစ်တာအတွင်း အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို KHRW ထုတ်ပြန်

ကချင်ပြည်နယ်တစ်ခုလုံး ၂၀၂၄ တစ်နှစ်တာ ပဋိပက္ခအတွင်း အရပ်သားသေဆုံးသူ ၁၄၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၇ ဦး နဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူ ၂၁၉ ဦး ရှိတယ်လို့ Kachin Human Rights Watch-KHRW အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွေမှာ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်နဲ့ တနိုင်းမြို့နယ်တွေမှာ ဖြစ်ပျက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်သမ်း ပစ်ခတ်မှုတွေအပြင် လေကြောင်းပစ်ခတ်မှု၊ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးရတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံး နို့တိုက်ကလေးသူငယ်မှ စတင်ကာ အသက်အကြီးဆုံး ၆၀ ဝန်းကျင်အရွယ်အထိ ပါဝင်ပြီး ထိခိုက်သေဆုံးမှုအများဆုံးမှာ အသက် ၂၀ ဝန်းကျင်အရွယ် ဖြစ်တယ်လို့ KHRW အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဂျက်ကော့ပ် (Jacob) က KNG ကို ပြောပါတယ်။
“အခုအချိန်မှာဆိုရင် နေရာတိုင်းလိုလို တိုက်ပွဲဖြစ်နေတဲ့အခြေအနေမှာရှိပါတယ်။ စစ်ကောင်စီကတော့ သူတို့စစ်ရှုံးပြီဆိုရင် ပြည်သူလူထုရှိတဲ့နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်တာတွေကတော့ အလေ့အထရှိပါတယ်။ ဒါကြောင့်လူထုအနေနဲ့သတိရှိရှိနေဖို့ တိုက်တွန်းချင်ပါတယ်ဗျ” လို့ ဆိုပါတယ်။
ဖော်ပြပါ အချက်အလက်တွေဟာ Kachin Human Rights Watch အဖွဲ့က ဆက်သွယ်ရေးအခက်အခဲတွေကြား လက်လမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက် မြေပြင်အခြေအနေမှာတော့ အနည်းငယ် ကွဲလွဲနိုင်ပြီး ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးမှုကတော့ ဒီထက်မိုများ နိုင်ချေရှိတယ်လို့ ဆိုထားပါတယ်။
KHRW အဖွဲ့ဖော်ပြချက်အရ ကချင်ပြည်နယ်အတွင်းမှာ မတရားဖမ်းဆီးခံရသူ ၂၁၉ ဦး ထိရှိပြီး များသောအားဖြင့် စစ်တပ်နဲ့ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးမှုတွေ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ကောင်စီက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၇၃၉၄ ခု ထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၂၀၂၄ ခုနှစ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ် နှစ်ဆနီးပါး မြင့်တက်သွားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရရှိထားတဲ့အချက်အလက်တွေက သက်သေအထောက်အထားတွေဖြစ်ပါတယ် ဒီသက်သေ အထောက်အထား တွေကို စနစ်တကျစုံစမ်းပြီးတော့ မှတ်တမ်းတင်ပြီး တရားစွဲဆိုနိုင်ဖို့လုပ်ဆောင်နေတဲ့ double I double အဖွဲ့ ယန္တရားကိုလည်း ကျွန်တော်တို့ရဲ့ သတင်းတွေကို ပေးပို့ပြီးတော့ တရားမျှတမှုနဲ့ အပြစ်ပေးအရေးယူမှုတွေပြုလုပ်နိုင်ဖို့ ဆက်လက်လုပ်ဆောင် နေပါတယ်” လို့ အမျိုးသားညီညွှတ်ရေးအစိုးရ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဇန်နဝါရီ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်မှာတော့ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် ကနေ ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့အရပ်သား ပြည်သူစုစုပေါင်း (၆၁၀၆) ဦး၊ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၀၉၆) ဦးရှိပြီး အဲဒီထဲမှာမှ (၂၁၄၉၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် (၉၉၅၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းတပ်တွေကနေပြီးတော့ စစ်ကောင်စီတပ်တွေကို အရှိန်ထိုး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်မက်ဖြစ်ပွားတဲ့ဧရိယာလည်း ပိုမိုကျယ်ပြန့်လာတာဘဲ ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့ (ACLED) ရဲ့ ၂၀၂၄ ဩဂုတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဧရိယာက လည်း ကမ္ဘာ့အဆင့် ၉နေရာထိ ရှိနေသလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရပ်သားသေဆုံးမှုအများဆုံး ကမ္ဘာ့အဆင့် ၃ နဲ့ အရပ်သားတွေအတွက် အန္တရယ်အရှိဆုံးနေရာအဖြစ် အဆင့် ၄နေရာမှာ ရှိနေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
By – Hope