မြစ်ကြီးနား ယာဉ်တိုက်မှုမှာ ဆိုင်ကယ်မောင်းသူ အမျိုးသမီးတစ်ဦး သေဆုံး
မြစ်ကြီးနားမြို့ ကားနဲ့ ဆိုင်ကယ် ယာဉ်တိုက်မှုမှာ အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦး ကားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက KNG ကို ပြောပါတယ်။
ချီဆောင်ခြင်း လူမှုကယ်ဆယ်ရေးအသင်း ပြောကြားချက်အရ ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှာ မြို့သစ်ကြီး အေဂျီ ဘုရားကျောင်းရှေ့မှာ ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းတဲ့ အမျိုးသမီးကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
“ဖြစ်စဉ်ကတော့ ကျွန်တော်တို့လည်းမသိဘူး လာကောက်ပေးပါဆိုလို့ သွားကောက်တာဆိုတော့ တိုက်တာဘဲသိတယ်။ ဆိုင်ကယ်နဲ့ ကားနဲ့တိုက်ကြတာ ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့” လို့ ချီဆောင်ခြင်း လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ကားမောင်းတဲ့သူကလည်း အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်အမျိုးသားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့တွင်း အခြေစိုက် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း၊ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း (မြစ်ကြီးနားမြို့)၊ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်း၊ ချီဆောင်ခြင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ စုံစမ်းမေးမြန်းသိရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်မှု အများဆုံး ၇၀ ဝန်းကျင်ထိရှိခဲ့ပြီး တစ်လကို ပျှမ်းမျှအားဖြင့် တစ်ဦးနှုန်းဖြင့် သေဆုံးနေတယ်လို့ သိရပါတယ်။
ဒီအချက်အလက်တွေမှာ KNG လက်လှမ်းမှီသမျှ စုံစမ်းမှုသာဖြစ်ပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် မြေပြင်အချက်အလက် အသးစိတ် ကွဲလွဲနိုင်ပါတယ်။
By – Hope