ပူတာအို ကုန်ကားကြီးများ မြစ်ကြီးနားမြို့အထွက် စစ်ကောင်စီဂိတ်တွေမှာ ငွေကြေး အဆမတန် ပေးဆောင်နေရ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုတက်တဲ့ ကုန်ကားကြီးတွေ မြစ်ကြီးနားမြို့အထွက်ဂိတ်တွေမှာ ငွေကျပ် ၁၀ သိန်းနီးပါး ပေးဆောင်ပြီးမှ ဖြတ်သန်းခွင့်ရကြောင်း ကုန်ကားမောင်းသူတွေ ပြောပါတယ်။
မြစ်ကြီးနားမြို့ကနေ ပူတာအို၊ ဆွမ်ပရာဘွမ်မြို့နယ်ကို ဆန်၊ စက်သုံးဆီ နဲ့အခြားစားသောက်ကုန်၊ လူသုံးကုန်တင်ဆောင်လာတဲ့ ကုန်ကားကြီးတွေဟာ မြစ်ကြီးနားမြို့အထွက် စစ်ကောင်စီဂိတ် အဆင့်ဆင့်မှာ ငွေပေးဆောင်နေရတာလို့ မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းမှာ မောင်းနင်နေတဲ့ကုန် အမည်မဖော်လိုသူ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။
“မြစ်ကြီးနားမြို့အထွက်ပေါ့ လွှတ်တော်ရှေ့ကနေ စပေးရတာ ဟိုးမြစ်ဆုံ ဂိတ်အထိပဲ ကြားမှာနှစ်ဂိတ်ရှိသေးတယ် တစ်ဂိတ်ကို ၂သိန်း ၂သိန်းခွဲပေးရတဲ့ဂိတ်ရှိတယ် ဆန်ကားနဲ့ဆီကားကတော့ ဆယ်သိန်းလောက်ပေးရတယ် တခြားကုန်တော့ အဲ့လောက် မပေးရဘူး”လို့ ပြောပါတယ်။
မြစ်ကြီးနား–ပူတာအို လမ်းမပေါ် ၊ မြစ်ကြီးနားနားမြို့နယ်အပိုင်းမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ မတိုင်ခင်လောက်အထိ မြစ်ကြီးနားမြို့ လွှတ်တော်ရှေ့ဂိတ် နဲ့ မြစ်ဆုံဂိတ် မှာသာ ငွေကြေးပေးရပေမယ့် ဒီနောက်ပိုင်းမှာတော့ ပလနဂိတ် (ကားသမားများအခေါ် ဝါးထရံဂိတ်) နဲ့ တန်ဖရဲကျေးရွာအနီးက စစ်ဆေးရေးဂိတ် စုစုပေါင်းနှစ်ဂိတ်ထပ်တိုးလာတာကြောင့် ဂိတ်ကြေး ပိုပေးနေရတယ်လို့ ဆိုပါတယ်။
“လွှတ်တော်ရှေ့ဆို ဂိတ်လို့တောင်မထင်ရဘူး။ ပေပါပုံးလေးတွေချပြီးတောင်းနေတာ ထွက်ထွက်လာပြီးတောင်းတာ လွှတ်တော်ရှေ့မှာက တစ်သိန်းခွဲပြီးတော့ ဝါးထရံမှာတော့ နှစ်သိန်း မြစ်ဆုံနဲ့ တန်ဖရဲဂိတ်မှာတော့ နှစ်သိန်းခွဲ သုံးသိန်းပေးရတယ် ကိုယ်ညှိတတ်ရင်တော့ လျော့ပေးတယ်”လို့ အထက်ပါ ကားသမားတစ်ဦးက ဆက်ပြောပါတယ်။
ငွေကြေးကောက်ခံတဲ့ စစ်ကောင်စီဂိတ်တွေဟာ ဆန်ကားနဲ့ စက်သုံးဆီကားကြီးတွေကိုပဲမဟုတ်ဘဲ အခြားစားသောက်ကုန်၊ ကုန်ခြောက်တင် ကားတွေအထိ ကောက်ခံတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့အထွက်မှာ ကျပ် ၁၀ သိန်းနီးပါးအထိ ငွေကြေးပေးဆောင်ရတဲ့အခြေအနေတွေကြောင်း နောက်ဆက်တွဲအနေနဲ့ ပူတာအိုမြို့ပေါ်မှာ ဆန်နဲ့ စက်သုံးဆီ စျေးမြင့်တက်လာတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဆန်ကတော့ တစ်အိတ်တစ်သိန်းခွဲကနေ တစ်သိန်းရှစ်သောင်းရှိတယ်။ ဓာတ်ဆီက ဆီပန့်မှာဆိုတစ်လီတာ တစ်သောင်းခွဲ အပြင်မှာတော့ ပုလင်းပြည့်ဆို တစ်သောင်းရှစ်ထောင်ရှိတယ်”လို့ ပူတာအိုမြို့ကောင်ကထောင်ရပ်ကွက်က အမျိုးသားတစ်ဦးက ပြောပါတယ်။
ငွေကြေးကောက်ခံတဲ့ ဂိတ်တွေမှာ ကားသမားတွေကို အချိန်ကြာစစ်ဆေးမေးမြန်းခြင်းနဲ့အတူ ဂိတ်ကြေးမပေးနိုင်ရင် သော့သိမ်းယူတာ၊ ဖြတ်သန်းခွင့်မပေးတာတွေအပြင် မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီ တပ်သားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် မေလ နောက်ပိုင်းက စပြီး ပူတာအို–မြစ်ကြီးနားမြို့နယ်ရှိ ကားလမ်းပိုင်း အများစုကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပေမယ့် မြစ်ကြီးနားမြို့အထွက် နဲ့ ပူတာအိုမြို့အဝင်နေရာတွေကိုတော့ စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
By – Zaw Zaw