စစ်ကောင်စီ လွတ်ငြိမ်းခွင့်မှာ ကချင်ပြည်နယ်က နိုင်ငံရေးအကျဥ်းသား ၄ ဦး ပါဝင်
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇန်နဝါရီလ ၄ ရက်နေ့ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကချင်ပြည်နယ်အတိုင်းအတာနဲ့ နိုင်ငံရေးအကျဥ်းသား ၄ ဦးသာပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများ ကွန်ရက် PPNM ထုတ်ပြန်ချက်အရ သိရပါတယ်။
မြစ်ကြီးနားမြို့ အကျဥ်းထောင်ကနေ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး နဲ့ မိုးညှင်းအကျဥ်းထောင် က အမျိုးသား ၁ ဦး လွှတ် မြောက်လာခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ နဲ့ စစ်ရေးတင်းမာနေဆဲ ဖားကန့်မြို့ နဲ့ ပူတာအိုမြို့ အကျဥ်းထောင်တွေက နိုင်ငံရေးအကျဥ်းသားလွတ်မြောက်လာတဲ့ အခြေနေ မတွေ့ ရဘူးလို့ ပြောပါတယ်။
“ကျနော်တို့ရဲ့ နောက်ဆုံး update ကတော့ မြစ်ကြီးနားအကျဥ်းထောင်မှာ ၃ ဦး မိုးညှင်းအကျဥ်းထောင် က ၁ ဦး စုစုပေါင်း ၄ ဦး လွတ်မြောက်မှုအနေနဲ့ထုတ်ပြန်ထားပါတယ်။ ဗန်းမော်မှာလည်းထောင်ရှိပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ကြားက ဆိုတော့ နိုင်ကျဥ်း လွှတ်မြောက်မှုက မဖြစ်နိုင်ဘူး ဖားကန့်လည်း အလားတူပါပဲဗျ ပူတာအိုလည်း နိုင်ကျဥ်းလွတ်မြောက်မှု ကိုမတွေ့ရပါဘူး” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံတစ်ဝှမ်းက အကျဥ်းထောင် ၄၂ ခုကနေ ကောက်ယူထားတဲ့စာရင်းတွေအရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေးအကျဥ်းသားလွတ်မြောက်သူ ၃၄၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်လည်း လွတ်မြောက်လာသူတွေ ထဲမှာ ပါဝင်ပါတယ်။
PPNM အနေနဲ့ ကချင်ပြည်နယ်အတွင်းက အကျဥ်းထောင်တွေထဲက နိုင်ကျဥ်း ၄ ဦးလွှတ်မြောက်လာကြောင်းသာ အတည်ပြုနိုင်ခဲ့ပြီး ဘယ်သူဘယ်ဝါလွှတ်မြောက်တယ်ဆိုတာကို အတည်ပြုနိုင်တာမရှိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ အကျဥ်းထောင်တွေကနေ နိုင်ငံရေးအကျဥ်းသား လွတ်မြောက်မှုတွေကို စုံစမ်းထုတ်ပြန်ဖို့ စိန်ခေါ်မှုတွေရှိသလို ဖမ်းဆီးခံခဲ့ရတဲ့အဖွဲ့ဝင်တွေလည်းရှိတယ်လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
“အဓိကကတော့ ကျနော်တို့ဖမ်းဆီးခံရနိုင်တဲ့ အန္တာရယ်များတယ်ဗျ။ ဖမ်းဆီးလို့မိသွားရင်လည်း သတ်ဖြတ်ခံရနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်ပေါ့နော်။ ကျနော်တို့လက်ရှိ အဖွဲ့အစည်းတည်ထောင်တဲ့ ၁ နှစ်ခွဲဝန်းကျင်အတွင်းမှာ အဖွဲ့ဝင်တွေ လည်း ဖမ်းဆီးခံထားရတာရှိပါတယ်။ အဓိကကတော့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုအဓိကရှိပါတယ်။” လို့ ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတစ်ဝှမ်း အကျဥ်းထောင်အသီးသီးက အကျဥ်းသား ၅၈၆၄ ဦးကို လွှတ်ပေးခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဥ်းသား ၆၀၀ ပါဝင်တယ်လို့ စစ်ကောင်စီဖက်က ဆိုခဲ့ပါတယ်။
ဒါပေမဲ့ PPNM နိုင်ငံတစ်ဝှမ်း အကျဥ်းထောင် ၄၂ ခုကို စောင့်ကြည့်ခဲ့ရာ အကျဥ်းသူ/အကျဥ်းသား စုစုပေါင်း ၃၄၄ ဦးသာ လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီထုတ်ပြန်တဲ့ အကျဥ်းသား လွတ်မြောက်မှု စာရင်းနဲ့ကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းမှာ အကျဥ်းထောင်ပေါင်း ၄၆ ခုရှိပြီး အဲ့ဒီထဲမှာ အကျဥ်းထောင် ၄ ခုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာဆိုရင်လည်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အကျဥ်းသား ၃၃၀၀ ကို လွတ်ငြိမ်းပေးခဲ့ပြီး အဲ့ဒီထဲမှာ မြစ်ကြီးနားအကျဥ်းထောင်က KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းနဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း တို့ လွတ်မြောက်လာခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ လွတ်ငြိမ်းချမ်းသာပေးပြီး သူတွေကိုလည်း ပြန်လည်ဖမ်းဆီးမှုတွေရှိခဲ့ပြီး အဲ့ဒီထဲမှာ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကိုလည်း လွတ်ငြိမ်းရတဲ့ ၂၀၂၄ နှစ်ဆန်းတစ်ရက်နေ့ညမှာတင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ ပြန်လည်ဖမ်းဆီးခဲ့ပြီး ၂၀၂၄ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတည်းကစလို့ အာဏာသိမ်းမှုတွေကို ဆန့်ကျင်သူ မည်သူကိုမဆို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ပုဒ်မ တွေတပ်ပြီး အကျဉ်းချခဲ့ပါတယ်။
အာဏာသိမ်း ၄ နှစ်ဝန်းကျင်မှာ နိုင်ငံတစ်ဝှမ်း စစ်အာဏာသိမ်းမှုဖြစ်စဥ်နဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီးခံရသူ ၂၈၁၃၄ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ပါတယ်။
By – အမိုး