တရုတ် ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရမှု နိုင်ငံတဝှမ်းများပြားလာ
တရုတ် ဇနီးမယားအဖြစ် လူကုန်ကူး ရောင်းစားခံရမှုဖြစ်စဉ် မြန်မာပြည်တဝှမ်း ပျံ့နှံ့ လာတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT အစီရင်ခံစာ က ဖော်ထုတ်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ အလုပ်အကိုင်ရရှိဖို့ ဆိုပြီး လိမ်လည်ရောင်းစားခံရသူတွေထဲမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းထဲက အမျိုးသမီးတွေလည်းပါဝင်လာပြီး အများစုကတော့ ကချင်ပြည်နယ် နဲ့ ရှမ်းမြောက်က ဒေသခံ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် Kachin Women Association Thailand KWAT အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၀၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မြင့်တက်ခဲ့တဲ့ လူကုန်ကူးမှုဖြစ်စဉ်တွေဟာ ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ကနေ ၂၀၂၃ အထိ သိသိသာသာ လျော့ကျခဲ့ပေမယ့် ၂၀၂၄ ခုနှစ်မှာ ဖြစ်စဉ်ပြန်များလာတယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်ရောဂါကြောင့် တင်းကြပ်ထားတဲ့ အစစ်အဆေးတွေကို ဖြေလျှော့လာကြသလို နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင် ရှားပါးလာတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် ရှာဖွေနေရချိန်မှာ အခုလိုလူကုန်ကူးမှု ဖြစ်စဉ်တွေ များလာတယ်လို့ သိရပါတယ်။
မြန်မာပြည်က အမျိုးသမီးတွေ တရုတ်ပြည်မှာ ဇနီးမယားအဖြစ် ရောင်းစားခံရမှုဖြစ်စဉ် များပြားလာတာနဲ့ ပတ်သက်ပြီး ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ Kachin Women Association Thailand ပြောရေးဆိုခွင့်ရှိသူ ဆရာမ San Htoi က သူမ အမြင်ကို အခုလိုပြောပါတယ်။
“ကျွန်မတို့တိုင်းပြည်မှာ စစ်တွေဖြစ်ပြီးစီးပွားရေးကျဆင်းလာသလို အလုပ်အကိုင်ရှားပါးမှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြောင့် ကိုယ်အိမ်ကို ထောက်ပံ့ဖို့အတွက်ဆိုပြီး အိမ်နီးချင်းနိုင်ငံကြိုးစားထွက်ခွာသွားကြတဲ့ လူငယ်တွေက ပိုပြီးအဖြစ်များ တာကို တွေ့ရပါတယ်” လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ၁၉၈၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိကျင့်သုံးခဲ့တဲ့ one child policy တစ်အိမ်မှာ ကလေးတစ်ယောက်ဘဲ မွေးဖွားခွင့်ရှိတဲ့ ဥပေဒ ဟာ အိမ်ထောင်မျိုးရိုးဆက်ခံဖို့လိုအပ်တဲ့ တရုတ်မိသားစုတွေအတွက် ယောကျာ်းလေးကိုသာ မွေးဖို့ တွန်းအားဖြစ်စေခဲ့တာကြောင့် ၂၀၂၄ မှာ တရုတ်နိုင်ငံရဲ့ အမျိုးသားလူဦးရေဟာ တရုတ်အမျိုးသမီး လူဦးရေထက် ၃၀.၉၇ မီလီယံ ပိုများတာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။
အဆိုပါ ဥပဒေကို ၂၀၁၆ ခုနှစ်မှာ ကလေး နှစ်ယောက်မွေးဖွားခွင့် နဲ့ ၂၀၂၁ မှာတော့ ၃ ယောက်အထိ မွေးဖွားခွင့်ကို ပြောင်းလဲ သတ်မှတ်ပေးခဲ့ ပါတယ်။
ဒီလိုအချက်တွေကြောင့် တရုတ်နိုင်ငံက သာမန် လယ်သမားမိသားစု အမျိုးသားတွေဟာ တရုတ်အမျိုးသမီးတွေကို တင်တောင်း လက်ထပ်နိုင်ဖို့ ခဲယဉ်းလာတဲ့အတွက် အိမ်နီးချင်း မြန်မာနိုင်ငံက အမျိုးသမီးတွေကို လိမ်လည် ဝယ်ယူ လက်ထပ်ရတဲ့အထိ ဖြစ်လာခဲ့တာလို့ သိရပါတယ်။
တရုတ် ဇနီးမယားအဖြစ် လူကုန်ကူးမှု ခံရသူတွေထဲမှာ နယ်စပ်ဒေသရှိ စစ်ရှောင်စခန်းမှာခိုလှုံနေရသူတွေ၊ နိုင်ငံရေးကြောင့် ကျောင်းရပ်နားထားရတဲ့ လူငယ်တွေ နဲ့ မိသားစုအိမ်တွင်း ပြဿနာအမျိုးမျိုးကြောင့် ခက်ခဲပြီး ရောက်လာကြသူတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။
လူကုန်ကူးခံရမှု ဖြစ်စဉ် ၈၅ ရာခိုင်နှုန်းခန့်မှာ လူချင်းတွေ့ပြီး လိမ်လည်ခံရသူများဖြစ်ပြီး ကျန်တဲ့ ၁၅ ရာခိုင်နှုန်းခန့်က အွန်လိုင်းက တစ်ဆင့် လိမ်လည်ခံရတာလို့ သိရပါတယ်။ ဒါ့အပြင် လိမ်လည်သူထက်ဝက်လောက်မှာ အသိမိတ်ဆွေတွေထဲက ဖြစ်နေပြီး ကျန်ထက်ဝက်ကတော့ ဆွေမျိုးတွေနဲ့ သူစိမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေကို လူကုန်ကူး ရောင်းစားဖို့ လိမ်လည်သူအားလုံးမှာ အမျိုးသမီးတွေ ကိုယ်တိုင် ဖြစ်ကြတယ်လို့လည်း အစီရင်ခံစာမှာ တွေ့ရပါတယ်။
အခုလို လိမ်လည်ခံရပြီး လူကုန်ကူးခံရသူအမျိုးသမီးအများစုဟာ ယုံကြည်စိတ်ချရတဲ့ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေက တစ်ဆင့် စက်ရုံနဲ့ စိုက်ပျိုးရေးအလုပ်တွေအပြင် အိမ်အကူအလုပ်တွေကနေ ဝင်ငွေအများအပြားရှာနိုင်မယ်ဆိုတဲ့ ဖျားယောင်းသွေးဆောင်မှုတွေကြောင့် ဖြစ်တယ်လို့ ဆရာမ San Htoi က ဆက်ပြောပါတယ်။
“သူငယ်ချင်းတွေက တစ်ဆင့် ယုံကြည်ရတယ်ဆိုပြီး အလုပ်လုပ်ရမယ် ထမင်းဆိုင်နဲ့စက်ရုံတွေမှာ တချို့ကိုတော့ အိမ်ဖော်မ လုပ်ရမယ်ဆိုပြီး ခေါ်သွားကြတာ ဒါပေမယ့်တကယ်တရုတ်ပြည်ရောက်တော့ ဟိုတယ်မှာခေါ်နေပြီး အလုပ်ရှင်တွေ လာခေါ်လိမ့်မယ် ပြောပြီး တကယ်တရုတ်ယောက်ကျားတွေ လာခေါ်တဲ့အချိန်ကျတော့ သူတို့မိန်းမ လုပ်ဖို့ဖြစ်နေတာမျိုးပေါ့ များသောအားဖြင့် အမျိုးသမီးအားလုံးလိုလို ဒီလိုဖြစ်စဉ်တေဘဲ ကြုံနေရတယ်” လို့ ဆိုပါတယ်။
လက်ထပ် ပေါင်းသင်းယူကြတဲ့ တရုတ်အမျိုးသားတွေကတော့ အသက် ၂၀ ကနေ ၄၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး တချို့ကတော့ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တရုတ်မယားအဖြစ် လူကုန်ကူးခံရတဲ့သူအများစုဟာ အခန်းထဲမှာ သော့ခတ်ပိတ်ခံထားရမှု၊ အဓမ္မပြုကျင့်ခံရမှုတွေနဲ့ ပြင်ပအဆက်အသွယ်ဖြတ်တောက်ခံရမှု စတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါကြောင့် တချို့ အမျိုးသမီးတွေကတော့ အခွင့်အရေးရတဲ့အချိန် လူကုန်ကူးခံထားရတဲ့ အမျိုးသားအိမ်ကနေ ထွက်ပြေးပြီး တရုတ်ရဲတွေဆီ သွားရောက်အဖမ်းခံပြီး ပြန်လည် လွတ်မြောက်လာကြသလို တချို့အကျင့်ပျက်ရဲဝန်ထမ်း တွေကတော့ လူကုန်ကူးတဲ့ အမျိုးသားနေအိမ်ကို ပြန်ပို့ပေးလိုက်ကြတယ်လို့ သိရပါတယ်။
တချို့ဖြစ်စဉ်တွေမှာ မြန်မာအမျိုးသမီးတွေကို အငြားကိုယ်ဝန်ဆောင်ခိုင်းပြီး ကလေးတစ်ယောက်မွေးပေးရင် ကျပ် သိန်းတစ်ရာ ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်မျိုးတွေနဲ့ ဆွဲဆောင်မှုတွေ တွေ့ရကြောင်း ဖော်ပြပါတယ်။
ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ကောက်ယူ ရရှိထားတဲ့ အချက်အလက်တွေအရ တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရသူ အရေအတွက်ဟာ ၂၀၁၉ ခုနှစ် ၁၀၉ဦး၊ ၂၀၂၀ ခုနှစ် ၃၄ ဦး၊ ၂၀၂၁ ခုနှစ် ၁၉ ဦး၊ ၂၀၂၂ ခုနှစ် ၁၂ ဦး၊ ၂၀၂၃ ခုနှစ် ၁၃ ဦး ထိ ရှိခဲ့ပါတယ်။ သူတို့ထဲမှာ အသက်အငယ်ဆုံး ၁၃ နှစ်ကနေ အသက်အကြီးဆုံး ၅၅ နှစ်ထိပါဝင်ပြီး အများစုမှာ အသက် ၁၈ မှ ၂၅ နှစ်ဝန်းကျင် အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၁၉ နောက်ပိုင်း တရုတ်မယားအဖြစ် လူကုန်ကူးမှုဖြစ်စဉ် လျှော့နည်းသွားပြီလို့ ထင်မှတ်ရပေမယ့် မြန်မာပြည် ဖက်ခြမ်းရှိ လောက်ကိုင် နဲ့ ဝပြည်လို နေရာဒေသတွေက ကျားဖြန့်လုပ်ငန်းနဲ့ လောင်းကစားရုံတွေမှာတော့ အွန်လိုင်းက တစ်ဆင့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်နဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှု ခိုင်းစေတဲ့ ဖြစ်စဉ်တွေ ရှိလာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တရုတ်မယားအဖြစ်ရောင်းစားခံရမှုတွေကို တားဆီးနိုင်ဖို့ တရုတ်အစိုးရနဲ့ နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေမှာလည်း တာဝန်တွေရှိတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT က ထောက်ပြထားပါတယ်။ ဒါကြောင့် တရုတ်အစိုးရအပြင် နယ်စပ်ဒေသ လက်နက်ကိုင်တွေလည်း လူကုန်ကူးမှု တားဆီးရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
By – Hope