ဗန်းမော် စစ်ရှောင် တစ်သောင်းခွဲ အရေးပေါ် အကူအညီ လိုအပ်နေ
ဗန်းမော် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်လူဦးရေ တစ်သောင်ခွဲ မှာ အရေးပေါ် အကူအညီ မရရှိတဲ့အတွက် အစားအသောက် နဲ့ နေရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။
မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော် စစ်ရှောင်များမှာ မြို့မြောက်ဘက်၊ တောင်ဘက်ပိုင်း နဲ့ ဧရာဝတီမြစ်ကမ်းတစ်လျောက် ကျေးရွာတွေမှာ အများဆုံးထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ တောင်ဘက်ခြမ်း ဧရာဝတီမြစ်ကြောင်းတလျောက်ရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါ စတဲ့ ကျေးရွာ ၃၀ ကျော်ခန့်မှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင် တစ်သောင်းငါးထောင်ခန့်အတွက် အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“တိုက်ပွဲဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ကတည်းက ဒီကနေ့အထိ ဘာအကူအညီမှ မရရှိသေးဘူး။ တစ်ချို့ကတော့ ကူညီပေးမယ် လို့တော့ ပြောတယ်။ ဒါပေမယ့် ဘာအကူအညီမှ မရဘူး။ ထွက်ပြေးလာတဲ့သူတွေက အဝတ်တစ်ထည်ကိုယ်တစ်ထည် ထွက်ပြေးလာတဲ့ သူတွေကြီးပဲ။ အဓိကတော့ စားစရာလည်းမရှိဘူး။ နေရာအခက်အခဲတွေဖြစ်တယ်။ အကူအညီတောင်းဖို့ ဆိုရင်လည်း ဖုန်းလိုင်းအခက်အခဲဖြစ်တော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။
အဲဒီ စစ်ရှောင်ပြည်သူ တစ်သောင်းငါးထောင်ခန့်မှာ ဘာသာရေးကျောင်း၊ ဘုန်းကြီးကျေင်း နဲ့ ဆွေမျိုးနေအိမ်တွေမှာ ခိုလှုံနေကြသလို အချို့မှာ တောတွင်း မိုးကာတဲတွေနဲ့ ခက်ခဲစွာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။
တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ပြီး အဝတ်တစ်ထည်နဲ့ ထွက်ပြေးလာကြသူများဖြစ်တဲ့အတွက် စစ်ရှောင်ကာလကြာမြင့်လာချိန် အရေးပေါ် ကူညီထောက်ပံ့မှု လိုအပ်နေတာလို့ သိရပါတယ်။
ဒါ့အပြင် စစ်ရှောင်သူတွေမှာ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုတွေပါဝင်သလို နာမကျန်းဖြစ်တဲ့ စစ်ရှောင်တွေအတွက် အရေးပေါ် ဆေးကုသမှုခံယူဖို့ ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
လိုအပ်ချက်ထဲမှာ အစားအသောက်နဲ့ နေရာအခက်အခဲတွေအပြင် လက်ရှိ ဆောင်းတွင်းကာလအတွက်အရေးတကြီးလိုအပ်တဲ့ စောင် အနွေးထည်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ကချင်တစ်ပြည်နယ်လုံးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လကတည်းက အင်တာနက်လိုင်းများ ဖြတ်တောက်ထားတဲ့အတွက် လက်ရှိ ဗန်းမော်တိုက်ပွဲကြား ဆက်သွယ်ရေး အခက်အခဲတွေကြောင့် စစ်ရှောင်မိသားစုတစ်ချို့မှာ ပြန်လည်တွေ့ဆုံဖို့အထိ ခက်ခဲနေကြသေးတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေကို မြေပြင်ထိ သွားရောက်ပြီး တွေဆုံ ကူညီမှုပေးနေတဲ့ ဗန်းမော်မြို့နယ်က ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးကလည်း မြေပြင်အခြေအနေကို ပြောပြပါတယ်။
“ကျနော်တို့ သွားရောက်ကူညီခဲ့တဲ့ တုန်းက မြင်တွေ့ခဲ့ရတဲ့ စစ်ရှောင်တွေရဲ့ အခက်အခဲကတော့ သူတို့ ဆွေမျိုးအချင်းချင်း အဆက်အသွယ် မရသေးလို့ လိုက်ရှာကြနေတုန်း၊ အချင်းချင်းတွေ့ကြဖို့ဆိုရင်လည်း ဖုန်းလိုင်းမရတော့ ဘယ်သူက ဘယ်ဘက်ရောက်သွားမှန်းမသိ ရှာနေကြတာ ဒါကအခက်အခဲတစ်ခုပေါ့လေ။ နောက်တစ်ခုကတော့ ထွက်ပြေးလာတဲ့အခါမှာလည်း ကိုယ်လွတ်ထွက်ပြေးလာတဲ့အတွက် ထမင်းဟင်းချက်စားဖို့ ဟင်းအိုး၊ ထမင်းအိုးလည်းမရှိ။ စောင်၊ အဝတ်အစားတွေမရှိကြဘူး။ နောက်တစ်ခုအရေးကြီးဆုံးက အစားအသောက်ဖြစ်တယ်” လို့ ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှု ပေးအပ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ရှောင်တွေအတွက် လိုအပ်တဲ့အကူအညီကို လုံလောက်စွာ ထောက်ပံ့ဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေအတွက် အကူအညီရရှိရင်တောင် ငွေကြေးလည်ပတ်ဖို့ ဘဏ်စနစ်မရှိတဲ့အတွက် မြေပြင်ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်တွေမှာ အခက်အခဲရှိနေတယ်လို့ အထက်ပါ ခရစ်ယာန် ဘာသာရေးဆရာတစ်ဦးက ပြောပါတယ်။
“စစ်ရှောင်တွေကို ကူညီဖို့ အခက်အခဲထဲမှာ ငွေကြေးလည်ပတ်လို့မရတဲ့ အခက်အခဲပဲ။ ကူညီပေးတဲ့သူတွေရှိရင်တောင် လွှဲထားပေးတဲ့ ငွေတွေကို ထုတ်ယူဖို့တော်တော်ခက်တယ်။ အဓိကတော့ ဘဏ်တွေမလည်ပတ်နိုင်တာပြဿနာပဲ။ ငွေတစ်ခါ ထုတ်ဖို့ အဆင့်ဆင့်လုပ်ရမယ့်ဟာ အရမ်းများတယ်။ အဓိကတော့ ဖုန်းလိုင်းအခက်အခဲကြောင့်လို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။
ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ အခြေအနေကြောင့် စစ်ရှောင်ပြည်သူတွေအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းထောက်ပံ့ဖို့ စစ်ရှောင်တွေကိုယ်တိုင် တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်လအထိကြာမြင့်လာပြီး စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ်ကြား နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေတဲ့အပြင် စစ်ကောင်စီတပ်ဘက်ကလည်း လေယာဉ်နဲ့ တစ်ရက်မှာ ၁၀ ကြိမ်ခန့်အထိ ဂျက်လေယာဉ်၊ Y -12 လေယာဉ်အမျိုးအစားတွေ နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ဗန်းမော်မြို့ကို စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ရှောင်လူဦးရေ တစ်သိန်းခန့်ရှိနိုင်တယ်လို့ ဒေသခံတွေ ခန့်မှန်းပြောဆိုပါတယ်။
အဲဒီစစ်ရှောင်တွေဟာ ဗန်းမော်မြို့မြောက်ဘက် ဒေါ့ဖုန်းယန် ကနေ လိုင်ဇာမြို့အထိ စစ်ရှောင်လူဦးရေ တစ်ထောင်ကျော်၊ ဗန်းမော် အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေမှာ စစ်ရှောင်တစ်ထောင်ကျော်၊ ဗန်းမော်မြို့ တောင်ဘက်ခြမ်းကျေးရွာတွေမှာ စစ်ရှောင် တစ်သောင်းငါးထောင်ကျော်ခန့် နဲ့ ငွေကြေးတတ်နိုင်တဲ့ စစ်ရှောင်တစ်ချို့မှာ မန္တလေး၊ ရန်ကုန်၊ တောင်ကြီး စတဲ့ မြို့ကြီးဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဗန်းမော်စစ်ရှောင်တွေကတဆင့် သိရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)