တိုက်ပွဲသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်နဲ့စစ်ကိုင်းအစပ်က ဟုမ္မလင်းနယ်ထဲမှာ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်နေ

ဖားကန့်မြို့နယ် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာ နဲ့ ပါဟုတ်ကြီး ကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းနေချိန် စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်နေတယ်လို့ ဟုမ္မလင်း PDF နဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

တိုက်ပွဲက ရေပေါ်မီးနဲ့ ပါဟုတ်ကြီးဘက်မှာဖြစ်နေတာ ဟုတ်တယ် ဒီနေ့နဲ့သုံးရက်ရှိပြီ လေယာဥ်နဲ့ဗုံးကျဲတာက နှစ်ရက်ဆက်တိုက်ပဲ မနေ့ကတော့ နှစ်နာရီမှာသွားကျဲတယ် ဒီကနေတောင်အသံတွေကြားနေရတယ်”လို့ နောင်ပိုအောင် ကျေးရွာက အမျိုးသမီးက ပြောပါတယ်။

SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ ပါဟုတ်ကြီးကျေးရွာ၊ ရေတွင်းကျေးရွာ၊ လာရာတီးကျေးရွာတွေကိုပြန်သိမ်းဖို့ စုံတွဲမှော်ကနေအင်အားသုံး ထိုးစစ်ဆင်လာရာကနေ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်။

ရေပေါ်မီးဘက်တိုက်ပွဲတွေစစ်ဖြစ်တာက ခြောက်ရက်လောက်ရှိပြီဟိုစုံတွဲမှော်နဲ့နန့်သာရွာမှာက SNA အထိုင်တပ်ရှိတယ်လေ အဲ့ကနေတဆင့်ထိုးစစ်ဆင်နေတာပါ့”လို့ အထက်ဖော်ပြပါ အမျိုးသမီးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့နေရာတွေကို ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှာတစ်ကြိမ် မနေ့က ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီမှာတစ်ကြိမ် နှစ်ကြိမ်တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အစပ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ထောင်နဲ့ချီတဲ့ ရေပေါ်မီး၊ စုံတွဲမှော်နဲ့ နန့်သာစတဲ့ကျေးရွာနေ ပြည်သူတွေဟာ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာထဲကို စစ်ဘေးရှောင်နေရတယ်လို့ ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

ဟုမ္မလင်းဘက်ဆိုလည်း လမ်းပိတ်ထားလို့ ဒီဘက် ဆယ်ဇင်းဘက်ကိုရှောင်လာကြတာ အုံလိုက်ကျင်းပဲ ဆယ်ဇင်းမှာ အခုစစ်ရှောင်တွေ ပြည့်နေလို့လူတွေက ပွဲခင်းလိုဖြစ်နေတာ”လို့ သူက ပြောပါတယ်။

နောင်ပိုအောင်နန်တောဟုမ္မလင်းစတဲ့ကားလမ်းပိုင်းတွေကို SNA က ထိန်းချုပ်ထားပြီး လမ်းပိုင်းနေရာအများစုကို ပိတ်ထားတာကြောင့် စစ်ဘေးရှောင်တွေဟာ ဖားကန့်နယ် ဆယ်ဇင်းကျေးရွာ ဘက်ကိုတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ဆယ်ဇင်းကျေးရွာဟာလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကမှပြန်လည်ထောင်ရေးလုပ်ထားတဲ့ကျေးရွာဖြစ်တဲ့အတွက် လက်ရှိရောက်လာတဲ့စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ အစားအသောက်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိSNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ပါဟုတ်ကြီး၊ လာရာတီးစတဲ့ကျေးရွာတွေဟာ KIAနဲ့ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button