လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၇ ဦးသေဆုံး

ဖားကန့် မြို့နယ် ဆန်ခါ နဲ့ မဇွပ်ယန်ကျေးရွာ နှစ်ရွာဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀  ဦးကျော်အထိ ရှိတယ်လို့ တယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်အချိန် မန္တလေးတံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာနှစ်ခုမှာ ၆ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ အရပ်သား ၇ ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခုဖြစ်သွားတဲ့နေရာက မဇွပ်ယန်နဲ့ ဆန်ခါကြားမှာလို့ပြောလို့ရမယ်။ တက်လာတဲ့အချိန်မှာ ၃ ကြိမ်၊ ပြန်ခေါက်သွားတဲ့အချိန် ၃ ကြိမ် ၊ စုစုပေါင်း ၆ ကြိမ်လောက် ကြဲသွားတယ်။ ဆန်ခါဘက်မှာက လေယာဉ်ဗုံးကြောင့် ၄ ယောက်လောက်ထိသွားတယ်။ မဇွပ်ယန်မှာက ၃ ယောက်ထိသွားတယ်လို့ပြောပါတယ်။

လေယာဉ်ဗုံးတွေဟာ ဆန်ခါကျေးရွာ တောက်ပကြယ်၊ တစ်သုံးလုံး ကျောက်စိမ်းလုပ်ကွက်၊ ဓမ္မာရုံဘုန်းကြီးကျောင်းနဲ့ မြင့်မြတ်သူ လူမှုကူညီရေးအသင်းရုံးရှိတဲ့ အနောက်ဘက်ခြမ်း နေရာတွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မဇွပ်ယန်ကျေးရွာမှာလည်း မနောကွင်းရှိတဲ့ အနောက်ဘက်ခြမ်း ကားလမ်းကြီးပေါ်မှာ တစ်လုံးကျမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အသက်သေဆုံးသွားသူတွေဟာ များသောအားဖြင့် ဆန်ခါ ကျောက်စိမ်းလုပ်ကွက်နေရာက ရေမဆေးသမားများနဲ့ လမ်းမပေါ်မှာဆိုင်ကယ်နဲ့ မောင်းနင်းသွားလာနေတဲ့ ပြည်သူတစ်ချို့ ဖြစ်တယ်လို့ ဖားကန့် ဒေသခံတွေ ပြောပါတယ်။

တိုက်ပွဲ ၈ လခန့် ငြိမ်သက်သွားတဲ့ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ အခုလို ဗုံးကြဲတိုက်ခိုက်လာတဲ့ လုပ်ရပ်ဟာ ဗန်းမော်ခရိုင် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များတာဖြစ်နိုင်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

ကျနော်တို့ ပြည်သူတွေတောင် ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး။ နားလည်တာတစ်ခုက အခုတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်၊ မံစီတို့မှာဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလို့လဲ ထင်တယ်။ ပြီးရင်အခုဆိုရင် ဗန်းမော်သိမ်းတော့မယ် ဘာတို့ သတင်းတွေလည်း ထွက်နေတော့ ဒီဘက်ကို လုပ်လာတယ်လို့မြင်ပါတယ်” လို့ ပြောပါတယ်။

ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာတွေမှာ အကြောင်းမဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူတစ်ချို့ဟာ ကြောက်လန့်ပြီးတော့ ထွက်ပြေးတိမ်းရှောင်တာလည်းရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေမှုနဲ့ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောဆိုပါတယ်။

စစ်တပ်အနေနဲ့ ကျောက်စိမ်းမှော်၊ ရွှေမှော်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်။ ဒါဟာ KIO/KIA ရဲ့ ငွေဝင်လမ်းကြောင်းတွေကို ပိတ်ဆို့ပေးလာတယ်လို့မြင်တယ်။ ကျောက်စိမ်းမှော်တွေမှာလည်း ကုမ္ပဏီတွေက KIO ရဲရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီတွေများမယ်လို့ထင်ပြီး လာတိုက်တယ်လို့မြင်ပါတယ်။ ဒီအရာတွေကို မလိုအပ်လို့ ခြိမ်းခြောက် ပစ်ခတ်လာတယ်လို့ပဲ မြင်ပါတယ် လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာလည်း တနိုင်းမြို့နယ် လပူမှော် ရွှေမှော်ဒေသကို ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

တနိုင်း လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုမှာ စန်လွန်(Tsan Lun) မှော်က ဆိုင်ခန်း ၉ ခုခန့် မီးလောင်ပျက်စီးသွားတာဖြစ်ပါတယ်။

ယခုလ ဇန်နဝါရီလ နှစ်ရက်အတွင်းမှာပဲ ဖားကန့်နဲ့ တနိုင်းမြို့နယ် နှစ်ခုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှု တစ်ရက်ခြား နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button