သတင်း

ဖားကန့်မှာ မြေစာပြိုကျလို့ အမျိုးသား ၃ ဦးသေဆုံး

ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း နွံကန်ပြိုကျမှုဖြစ်ခဲ့တဲ့ ဖားကန့်မြို့နယ် စပေါ့ကျေးရွာ ကျောက်စိမ်းလုပ်ကွက်မှာ မြေစာထပ်မံ ပြိုကျလို့ ဘတ်ဟိုးမောင်းတဲ့ အမျိုးသား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်း ၁၀ နာရီဝန်းကျင်မှာ ဘဇံချောင်း အမည်ရှိတဲ့ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျ ခဲ့ရတာဖြစ်ပြီး ဒီကနေ့ပဲ ရုပ်အလောင်း ၃ လောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နွံကန် မဟုတ်ဘူးဗျ။ စပေါ့ရွာက ဘဇံချောင်း လုပ်ကွက်မြေစာပြိုကျတာ။ သေဆုံးသူတွေကလည်း ကုမ္ပဏီ ဝန်ထမ်းတွေပါ။ စက်ကြီးဘက်ဟိုးမောင်းတဲ့သူတွေပါ။ ရှာဖွေကယ်ဆယ်ရေးကတော့ သူတို့ကုမ္ပဏီက ဘတ်ဟိုးတွေနဲ့ပဲလုပ်တာ” လို့ ပြောပါတယ်။

သေဆုံးသူ ၃ ဦးဟာ အသက် ၃၅ နှစ်အရွယ် ဦးဌေးနိုင်၊ အသက် ၃၃ နှစ်အရွယ် ဦးဟန်ဝင်းအောင် နဲ့ အသက် ၂၉ နှစ်အရွယ် ဦးဇေယျာဟိန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

မြေစာပုံပြိုကျချိန်မှာ ဘတ်ဟိုး ၆ စီးနစ်မြုပ်သွားခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ၃ ဦးကတော့လွတ်မြောက်သွားခဲ့တာလို့ ဒေသခံတစ် ဦးကဆက်ပြောပါတယ်။

ထပ်သေဆုံးတာတော့မရှိလောက်ပါဘူး။ ဝန်ထမ်း ၃ယောက်ပဲလို့တော့သိရပါတယ်။ ဘတ်ဟိုးက ၆ စီးမြုပ်တာ ၃ ဦးက လွတ်သွားတယ်။ ၃ ဦးကသေသွားတာပေါ့ လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကပဲ အဆိုပါမြေစာပုံပြိုကျရာ စပေါ့ကျေးရွာက နွံကန်ပြိုကျမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ် နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၃၂ ဦးထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ဒါအပြင် လွန်ခဲ့တဲ့ မိုးတွင်းကာလ ဖားကန့်ဒေသမှာ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်တွေ အများအပြား ဆုံးရှုံးလိုက်ရကာ ကျောက်စိမ်းလုပ်ကွက်တွေ နဲ့ နွံကန်တွေမကြာမခဏ ပြိုကျမှုတွေကြောင့် လူသေဆုံးမှုဖြစ်စဉ် မကြာမခဏဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က နွံကန်ပြိုကျမှုကြောင့် ဖားကန့်ဒေသခံတွေအပါအဝင် နိုင်ငံတစ်ဝှမ်းကဒေသခံတွေ စိုးရမ်ပူပန် နေကြချိန်မှာပဲ စစ်ကောင်စီတပ်က ဖားကန့်မြို့ ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး အရပ်သား ၇ဦးသေဆုံးခဲ့ရသလို ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button