
စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း ၂ ခုကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးပြီး ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ဖမ်းဆီးခံရတဲ့သူတွေလည်းပရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။
“မနေ့ကတော့ ရထားတဲ့ ကာကုန်း၂ခုကို ရန်သူကလာပြန်ထိုးစစ်ဆင်လို့ တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲက တော်တော်ပြင်းထန် တယ်။ ရန်သူက လက်နက်ကြီးရောလေယာဥ်ရော ရဲဘော်တွေလည်းကျတဲ့ဟာကကျ။ ရန်သူနောက်ပါသွားတာတွေလည်းရှိ တယ်။ ဒီတစ်ပတ်ထိုးစစ်ဆင်တဲ့အချိန် အထိများတယ်။ အသက်အန္တရာယ်စိုးရမ်ရတာရော မစိုးရိမ်ရတာတွေရောပါတယ်။” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဒေသအခေါ် “ဂျပန်လှိုဏ်ဂူ” စစ်ကောင်စီတပ်စခန်းရဲ့ ကာကင်းစခန်းတစ်ခုနဲ့ နောက်ထပ် ကာကင်းစခန်းငယ်တစ်ခုတို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက် နိုင်ခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်ရေးအခက်အခဲကြောင့် ဖမ်းဆီးခံရသူ အရေအတွက် နဲ့ ထိခိုက်သေဆုံးသူ အရေအတွက်ကို စစ်ရေးသတင်းရင်းမြစ်ဘက်က အတည်မပြုပေးနိုင်ဘူးလို့ ဆိုပါတယ်။
နောက်ထပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အင်းတော်က နေ့တိုင်းလာကြဲတယ်။ အဓိကတော့မြို့ထဲတွေ၊ မြို့ထဲအနီးအနားက တော်လှန်ရေးတပ်ဖွဲ့တွေလာမယ်ထင်တဲ့ လမ်းဘက်တွေ၊ မြို့အနီးအနားဝန်းကျင်တွေကြဲတယ်။” လို့ အင်းတော်မြို့ တိုက်ပွဲ အခြေနေကို ပြောပြပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့ကနေ စတင်နေခဲ့တာဖြစ်ပြီး ရပ်လိုက် နားလိုက် ဖြစ်နေရာကနေ ဒီရက်ပိုင်းအတွင်း ပြန်လည်ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် မြစ်ကြီးနား – မန္တလေး ကားလမ်းကို ကာကွယ်ရေးတပ်တွေဘက်က သွားလာခွင့်ပိတ်ထားတဲ့အတွက် ကားသမားတွေဟာ တောလမ်းကို အသုံးပြုပြီး သွားလာနေကြရပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အင်းတော်မြို့နယ်မှာ ကချင်ပြည်နယ်နယ်စပ်မှာ ရှိပြီး မန္တလေး– မြစ်ကြီးနား ပြည်ထောင်စု လမ်းမပေါ်မှာ တည်ရှိပါတယ်။
By – အမိုး