သတင်း

နိုင်ငံတဝန်း ငလျင်‌ဘေးသင့်ချိန် ကချင်မှာ‌ စစ်တပ်ကလေကြောင်းအပြင် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေ

နိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြုံတွေ့နေရတဲ့အချိန် ကချင်ဒေသထဲက တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့အပါ မြို့တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိ‌ပေမယ့် စစ်ကောင်စီဘက်က‌ လေကြောင်းတိုက်ခိုက်နေတဲ့အပြင် မြေပြင်ထိုးစစ်ဆင်ပြီး တိုက်ပွဲဖော်ဆောင်နေတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်တွေရပ်ဖို့ တရားဝင်ပြောဆိုတာတွေမရှိပေမယ့် တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေမရှိဘဲ စစ်ကောင်စီဘက်ကနေ တစ်ဖက်သပ် တိုက်ခိုက်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“KIA ဘက်ကနေ ထိုးစစ်ရပ်ဖို့ တရားဝင်ပြောဆိုထားတာတော့မရှိဘူး။ တကယ်လို့ တစ်ဖက်က ပစ်ရင်ပြန်ပစ်ရမှာပဲ။ နေ့ကလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်။ ဝိုင်းမော်ဘက်မှာလေ မြေပြင်တိုက်ပွဲဖြစ်တာတွေရှိတယ်။ မနေ့မှာလည်း တပ်မဟာ ()ဘက်မှာ လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်။ အခုချိန်မှာ KIA ဘက်ကနေ လူသားချင်းစာနာထောက်ထားမှုနဲ့ ထိုးစစ်ဆင်တိိုက်ခိုက်တာမျိုးမရှိပေမယ့် စစ်တပ်ဘက်က ထိုးစစ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကိုက စစ်နဲ့ပဲ ပြန်တိုက်ခိုက်ရမှာဖြစ်ပါတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး တိုင်းနယ်ပြည်နယ် အသီးသီးမှာ ငလျင်ဘေးဒဏ်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တစ်ချိန်ထဲမှာပဲ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၃၀ ရက်နေ့ တစ်ရက်ထဲမှာပဲ ၃ လဝန်းကျင်အထိ တိုက်ပွဲကြာမြင့်လာတဲ့ ဗန်းမော်နဲ့ KIA တပ်မဟာ( ) နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တစ်ရက်တည်းမှာပဲ KIA ထိန်းချုပ်ထားပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာဘက်မှာလည်း စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။

ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာလည်း တနိုင်း၊ ဖားကန့်သွားလမ်း လဝါးကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ လဝါးဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

လမ်းမှာက ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေရှိတယ်။ စာသင်ကျောင်းနဲ့ နေအိမ်တွေမှာက စစ်သားတွေရှိနေတယ်။ ဒီမနက် အဲဒီနေရာယူထားတဲ့ နေရာကို KIA က သွားရောက်ပစ်ခတ်ခဲ့တယ်။ အဲ့ကြောင့် ဒီမနက် ၇ မိနစ် ၂၀ လောက်မှာ တိုက်ပွဲဖြစ်ကြတယ်လို့ ပြောပါတယ်။

လဝါးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ပတ်ကျော်ကြာမြင့်လာတဲ့အထိ စစ်ရေးတင်းမာမှုဖြစ်နေတာဖြစ်ပါတယ်။

အလားတူ ဗန်းမော်တိုက်ပွဲမှာလည်း KIA ဘက်က ထိုးစစ်ရပ်နားထားပေမယ့် စစ်ကောင်စီတပ်က နေ့စဉ်အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငလျင်ဘေးဒဏ်ကြုံတွေ့နေရတာကြောင့် ကြေကွဲဝမ်းနည်းပူဆွေးနေရတဲ့အချိန် တိုက်ပွဲတွေရပ်နားပေးဖို့ ပြည်သူလူထုတွေ တောင်းဆိုနေကြသလို NUG အပါ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တစ်ချို့က ထိုးစစ်ရပ်နားထားကြောင်း ထုတ်ပြန်ကြေညာထားတာတွေလည်း မြင်တွေ့ရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button